မလေးရှားလေကြောင်းလိုင်း MH 370 ပျောက်ဆုံးခဲ့တာ ၅ နှစ်မြောက်နှစ်ပတ်လည် ကျင်းပနေချိန်မှာပဲ မလေးကူးသန်းသွားလာရေး ဝန်ကြီးက အမေရိကန် နည်းပညာကုမ္ပဏီ Ocean Infinity ဒါမှမဟုတ် တခြား ဘယ်ကုမ္ပဏီမဆို ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လေယာဉ်ပြန်ရှာရေး အတွက် လျှောက်ထားမှုတွေကို လက်ခံတော့မယ်လို့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
MH 370 ဟာ ၂၀၁၄ မတ်လ ၈ ရက်နေ့က ခရီးသွားနဲ့ လေယာဉ်အမှုထမ်း ၂၃၉ ဦးကိုတင်ဆောင်ပြီး မလေးရှားနိုင်ငံ ကွာလာလန်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းစဉ် လမ်းမှာ ပျောက်ဆုံးသွားတာပါ။
အိန္ဒိသမုဒ္ဒရာ အနောက်ပိုင်းက ကမ်းခြေမှာ လေယာဉ်ပျက်ရဲ့ အပိုင်းအစတချို့တွေ့ခဲ့ရတဲ့ အတွက် Ocean Infinity ကုမ္ပဏီရဲ့ ရှာဖွေတဲ့ ဒေသကို ချုံ့နိုင်ခဲ့ပေမယ့် လေယာဉ်ပျက်နဲ့ ပတ်သက်တာ တခုမှထပ် မတွေ့ခဲ့ပါဘူး။
၂၀၁၈ ဇန်နဝါရီလမှာ Ocean Infinity က ဘာအဖြေမှမရရင် ငွေပေးစရာမလိုဘူးလို့ ပြောပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ လေယာဉ်ပျောက်ကို ရှာဖွေခဲ့ပေမယ့် ဘာအစအနမှ မတွေ့ခဲ့ပဲ မေလမှာ အဆုံးသတ်ခဲ့ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ပိုကောင်းတဲ့ နည်းပညာတွေ ရလာတာကြောင့် သူတို့ကုမ္ပဏီက မျှော်လင့်ချက် ထားနေကြောင်း ကွာလာလန်ပူမှာ ကျင်းပတဲ့ အောက်မေ့ဘွယ်အခမ်းနား ကို ကုမ္ပဏီအကြီးအကဲက ဗွီဒီယိုခွေပို့ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
မလေးရှား၊ Australia နဲ့ တရုတ်နိုင်ငံတွေက တရားဝင်ရှာဖွေမှုတွေ အဆုံးသတ်ခဲ့ပြီး တနှစ်အကြာမှာ Ocean Infinity က ရှာဖွေခဲ့တာ ဖြစ်ပြီး တနှစ်လောက် ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ရေငုတ်သင်္ဘောဘယ်နေရာမှာ ရှိတယ်ဆိုတာကို သူ့ကုမ္ပဏီက အောင်အောင်မြင်မြင် ရှာဖွေနိုင်ခဲ့တဲ့နောက်မှာ ပိုကောင်းတဲ့ နည်းပညာရှိနေပြီလို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5