တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ဆောက်လုပ်မယ့် ဒေါ်လာသန်းထောင်ချီ တန်ဘိုးရှိတဲ့ အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခုကို ဖျက်သိမ်းလိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် Mahathir Mohamad ကကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ၅ ရက်ကြာ ခရီးစဉ် အဆုံးသတ်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ မလေးရှားဝန်ကြီးချုပ်က ကြေညာလိုက်တာပါ။
ဒေါ်လာဘီလီယံ ၂၅၀ အထိ အကြွေးတင်နေတဲ့ မလေးရှားနိုင်ငံ အနေနဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တာကို တရုတ်သမ္မတ Xi Jingping နဲ့ ဝန်ကြီးချုပ် Li Keqiang တို့ကို ရှင်းပြခဲ့ကြောင်းလည်း မလေးရှားသတင်းထောက်တွေကို ဝန်ကြီးချုပ် Mahathir က ပြောဆိုခဲ့ပါတယ်။ ငွေကြေး အမြောက်အများ ချေးယူဖို့ရော ပြန်ဆပ်ဖို့ရော မတတ်နိုင်သလို၊ လတ်တလောမှာ မလေးရှားနိုင်ငံအတွက် ဒီစီမံကိန်းတွေဟာ မလိုအပ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။ အဆင့်မြင့် ရထားလမ်းနဲ့ စွမ်းအင်ပိုက်လိုင်း ၂ ခု သွယ်တန်းမယ့် အစီအစဉ်တွေ အပါအဝင် ဒေါ်လာသန်းပေါင်း ၂ သောင်းကျော် ကုန်ကျမယ့် စီမံကိန်း ၃ ခုကို တရုတ်နိုင်ငံရဲ့ ချေးငွေနဲ့ တည်ဆောက်မယ့် အစီအစဉ်တွေကို ဆိုင်းငံ့ကြောင်း တရုတ်နိုင်ငံခရီးစဉ် မတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာကတည်းက ဝန်ကြီးချုပ် Mahathir က ကြေညာထားပါတယ်။
မနေ့တုန်းက တရုတ်ဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်းမှာလည်း မလေးရှားနိုင်ငံရဲ့ ပြည်တွင်းဘဏ္ဍာရေး အကျပ်အတည်းကို တရုတ်နိုင်ငံက နားလည်လက်ခံမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ လွတ်လပ်တဲ့ ကုန်သွယ်မှုတွေမှာ ချမ်းသာတဲ့ နိုင်ငံကြီးတွေကို ဆင်းရဲတဲ့နိုင်ငံတွေက မယှဉ်နိုင်တာကြောင့် ခေတ်သစ်ကိုလိုနီ ပုံစံသစ်ပေါ်ပေါက်လာနေတာကို လက်မခံနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အခုဖျက်သိမ်းလိုက်တဲ့ စီမံကိန်းတွေကိုတော့ နိုင်ငံပိုင် 1MDB လုပ်ငန်းနဲ့ ဆက်နွယ်ပြီး အကျင့်ပျက်ခြစားမှု၊ မသမာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း Najib Razak လက်ထက်မှာ စတင်ခဲ့တာပါ။ အလွဲသုံးစားမှုအရှုပ်တော်ပုံနဲ့အတူ Najib ဦးဆောင်တဲ့ အာဏာရ အမျိုးသားတပ်ဦး ညွန့်ပေါင်းအဖွဲ့ဟာလည်း မေလရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၇ ခုနှစ်ကစလို့ နှစ်ပေါင်း ၂၂ နှစ်ကြာ တောက်လျှောက် အာဏာရလာခဲ့တဲ့ အစိုးရကိုတော့၊ တချိန်ကအာဏာရပါတီရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ Mahathir Mohamad ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5