မလေးရောက် မြန်မာနိုင်ငံသား နောက်ထပ် ၁၀၀ ကျော် ဌာနေပြန်ရောက်

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေကြသူတွေထဲက မြန်မာနိုင်ငံသား ၁၃၀ ကျော် ဒီကနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့ကြပါတယ်။ နေရပ်ပြန်ကြသူတွေထဲမှာ ကလေးငယ်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေကနေ လွတ်ရက်စေ့အကျဉ်းသား ၄၀ လောက်လည်း ပါဝင်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လွတ်ရက်စေ့ပေမဲ့ ပြန်ခွင့်မရသေးသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၃၀ ကျော် နေရပ်ပြန်ခွင့်ရခဲ့ကြတာပါ။ ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်သွားသူတွေထဲမှာ ရက်သားအရွယ် အပါအဝင် ကလေးငယ်တွေလည်း ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

SEE ALSO: မလေးရှားရောက် မြန်မာ နောက်ထပ် ၁၃၀ အိမ်ပြန်ခွင့်ရ

"ဒီနေ့ ၄၈ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မလေးရှား ထိန်းသိမ်းရေးစခန်းကနေ ပြန်ခွင့်ရတဲ့ မြန်မာနို်င်ငံသား လူကြီး ၃၇ ယောက်နဲ့ ကလေး ၁၁ ယောက်ပါတယ်။ သူတို့မိဘတွေမှာ အထောက်အထားမရှိတော့ ကလေးတွေလည်းထားခဲ့မရလို့ ထိန်းသိမ်းရေးစခန်းကို သူတို့လည်းပါသွားတယ်။ အဲဒီလိုပါသွားပြီးတော့ ကိုယ်ဝန်နဲ့ ပါသွားတော့ ဒီနေ့ဆိုရင် ၁၆ ရက်သား တဦးလည်း ပြန်သွားတဲ့အထဲမှာ ပါတယ်။ တယောက်နဲ့ တယောက်ဖြစ်စဉ်မတူဘူး။ ထိန်းသိမ်းရေးစခန်းမှာနေတာ ၇ လ၊ ၈ လ၊ ၉ လတို့ပါတယ်။ အများဆုံး ၁၀ လ နေခဲ့ရသူတွေလည်း ပါတယ်။ မလေးရှားစံတော်ချိန် ၃ နာရီလောက်မှာ လေယာဉ်နဲ့ ပြန်သွားတယ်။ အားလုံးမြန်မာနိုင်ငံသား ၁၃၀ ကျော်ပါတယ်။"

နေရပ်ပြန်သူတွေကိုတော့ မြန်မာလူမှုကူညီရေးအသင်းတွေနဲ့ စေတနာရှင်များက အစားအသောက်တွေ အသုံးအဆောင်တွေ ကူညီခဲ့တယ်လို့လည်း ပြောပါတယ်။

ကပ်ရောဂါကာလ မလေးရှားမှာ သောင်တင်နေသူတွေကို ဒီလဆန်းကစပြီး တပတ်ကို ၃ ခေါက် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်တဲ့ အစီအစဉ် စတင်ခဲ့ပြီးနောက် ဒါဟာ တတိယအသုတ်လည်း ဖြစ်ပါတယ်။ အစီအစဉ်စတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတုန်းကတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ကယ်ဆယ်ရေးလေယာဉ် မထွက်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ဘေးကာလ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အဆင်မပြေတာကြောင့် နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ သောင်းဂဏန်းအထိရှိနေသလို ထိန်းသိမ်းရေးစခန်းတွေမှာလည်း လွတ်ရက်စေ့နေပေမဲ့ နေရပ်မပြန်သေးတဲ့သူ ထောင်ဂဏန်းအထိ ရှိနေပါတယ်။

Your browser doesn’t support HTML5

မလေးရောက် မြန်မာနိုင်ငံသား နောက်ထပ် ၁၀၀ ကျော် ဌာနေပြန်ရောက်



[Unicode Version]




SEE ALSO: မလေးရှားမှာ ပိတ်မိနေတဲ့ မြန်မာတွေ ဌာနေပြန်ခွင့်ရပြီ

