ငှက်ဖျားတိုက်ဖျက်ရေး မြန်မာလူငယ်ဆရာဝန်အချို့ရဲ့ ကြိုးပမ်းမှု

ဝါရှင်တန်ဒီစီမြို့ အပူပိုင်းဒေသ ဆေးပညာနှီးနှောဖလှယ်ပွဲ တက်ရောက်လာတဲ့ မြန်မာလူငယ်ဆရာဝန်အချို့။

(Zawgyi / Unicode)

ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါကြောင့် အသေအပျောက်များမှုတွေ လျော့ကျလာတယ်လို့ ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံ ၉၀ ကျော်က သန်းနဲ့ချီတဲ့ လူဦးရေတွေဟာ ငှက်ဖျားရောဂါ ကူးစက်ခံရမယ့် အန္တရာယ်တွေ ရင်ဆိုင်နေရတုန်းပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို အမျိုးသားကျန်းမာရေး စီမံကိန်းတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေကြပါတယ်။ သက္ကရာဇ် ၂၀၃၀ မှာ မြန်မာနိုင်ငံကို ငှက်ဖျားရောဂါ ပပျောက်ကင်းစင်တဲ့ နိုင်ငံတခုဖြစ်လာဖို့ လူငယ်ဆရာဝန်တချို့ ဘယ်လိုပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေကြပါသလဲ။ အပြည့်အစုံကို မမြသဇင်အောင်က ပြောပြပေးပါမယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၂၀၁၀ အစီရင်ခံစာနဲ့ ၂၀၁၇ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းရော အသေအပျောက်နှုန်းပါ ၂၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားတယ်လို့ ဖော်ပြပါတယ်။ ရည်မှန်းချက်အရ မြန်မာနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ငှက်ဖျားရောဂါ ပပျောက်ကင်းစင်တဲ့ နိုင်ငံတခုဖြစ်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပြီဖြစ်ပြီး အခုလို ကြိုးပမ်းချက်တွေ အပေါ်မှာ တခြားနိုင်ငံတွေအနေနဲ့ စံနမူနာယူသင့်တယ်လို့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလို ကြိုးပမ်းနေကြတဲ့အထဲ လူငယ်ဆရာဝန်တချို့လည်း ပူးပေါင်းဆောင်ရွက်နေကြတာပါ။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ အပူပိုင်းဒေသ ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Welcome Trust ပါရဂူကျောင်းသား ဒေါက်တာ အောင်ပြည့်ဖြိုးက မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေးနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ သူ့အနေနဲ့ ဘယ်လိုကြိုးပမ်းခဲ့ရသလဲဆိုတာ အခုလို ရှင်းပြပါတယ်။

“ကျနော်က ၂၁၀၈ က ဒီ Welcome Trust Fellowship ကို လျှောက်တယ်ပေါ့နော်။ လျှောက်တော့ တကမ္ဘာလုံးမှာ ၃၀၀ ကျော်လောက် လျှောက်တယ်ပေါ့နော်။ အဲဒီထဲက ၃ ယောက်ရွေးတာပါ။ ပြီးတော့ ၃ နှစ်စာ သုတေသနတွေလုပ်ဖို့ ထောက်ပံ့ပေးပါတယ်။”

အခုလက်ရှိ မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာကိုလည်း သူက ဆက်ရှင်းပြပါတယ်။

“ကျနော် အခုလုပ်နေတဲ့ သုတေသနက malaria elimination ငှက်ဖျားကို အမြစ်ဖြတ်တဲ့ နေရာတွေမှာ ငှက်ဖျားလုံးဝမရှိတော့ဘူးဆိုရင် ဒီလူတွေရဲ့ ကိုယ်ခံအားပေါ့နော်။ ငှက်ဖျားနဲ့ပတ်သက်တဲ့ ကိုယ်ခံအားသည် ကျသွားနိုင်တယ်။ ကျသွားလို့ရှိရင် တကယ်လို့ ငှက်ဖျားပြန်လာလို့ရှိရင် ပိုဆိုးမလား။ နဂိုထက်ပိုဆိုးမလား။ လူတွေသည် ငှက်ဖျားကို အရင်ထက်ပိုပြီး ခံရနိုင်သလား။ အဲလိုမျိုး ဖြစ်နိုင်သလားပေါ့နော်။ လူတွေရဲ့ ငှက်ဖျား ကိုယ်ခံအား ဘယ်လောက် ကျသွားသလဲ။ အဲဒီကျသွားတာက ပြဿနာရှိသလားဆိုတဲ့ သုတေသနအတွက် ကျနော် လုပ်နေတာပေါ့။ ငှက်ဖျားသုတေသန အရေးကြီးတာက အရှေ့တောင်အာရှမှာ ဆေးမတိုးတဲ့ ငှက်ဖျားက အရမ်းပျံ့နှံ့နေတယ်ပေါ့နော်။ ဒီဆေးမတိုးတဲ့ ငှက်ဖျားသည် ထိုင်း-မြန်မာနယ်စပ်ကနေ တကမ္ဘာလုံးပြန့်သွားမှာ အားလုံးက အရမ်းစိုးရိမ်တယ်။ ဒါကြောင့် ဒီဆေးမတိုးတဲ့ ငှက်ဖျား အမြစ်ပြတ်အောင် ဘယ်လိုလုပ်မလဲ။ ငှက်ဖျားအမြစ်ပြတ်ရေးမှာ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အကုန်ဝိုင်းပြီး သုတေသန လုပ်နေကြတာပါ။”

အခုလို သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ သုတေသန ပညာရှင် တယောက်အနေနဲ့ ဘယ်လိုအခက်အခဲတွေရှိပြီး ဌာနဆိုင်ရာပိုင်း ဘယ်လို ချိတ်ဆက် ဆောင်ရွက်ရတယ် ဆိုတာကိုလည်း သူက အခုလိုပြောပါတယ်။

“လုပ်ငန်းသဘောသဘာဝအရ သုတေသနလုပ်မယ်ဆို ခွင့်ပြုချက်ကို ၂ နေရာက ယူရပါတယ်။ တခုက အမျိုးသား ငှက်ဖျားထိန်းချုပ်ရေး ပရိုဂရမ်က ခွင့်ပြုချက်ယူ၊ ပြီးရင် ဆေးပညာဆိုင်ရာ ကျင့်ဝတ်ကော်မတီမှာတင်ပြီး ခွင့်ပြုချက်ယူ၊ ၂ နေရာက ယူရတယ်ပေါ့နော်။ လောလောဆယ် အခြေအနေက ပြောရမယ်ဆိုရင် တံခါးဖွင့်ထားပြီပေါ့နော်။ အပြောင်းအလဲတွေလည်း လုပ်နေတယ်။ တချို့နေရာတွေမှာ ဘာပြဿနာရှိသလဲဆိုတော့ ဒီ government ပိုင်းက လူကြီးတွေက သူတို့မှာ စိုးရိမ်စိတ်တချို့ရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီ နိုင်ငံတကာအဖွဲ့တွေနဲ့ ပေါင်းလုပ်တဲ့အခါ ငါတို့ဆီက data တွေ ယူသွားမလား၊ ငါတို့ဆီကလူတွေကို guinea pig လိုများ စမ်းမလား၊ သူတို့ဆီမှာ concern လေးတွေတော့ ရှိတယ်။ ဒါကလည်း အချိန်ယူရမှာပေါ့။ mutual trust အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီးတော့မှ ဒါတွေက ဖြေရှင်းလို့ရမယ့် အနေအထားမှာ ရှိတယ်။”

မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျသွားပြီ ဆိုပေမယ့် ရေရှည်မှာ အမြစ်ပြတ်အောင် ဆောင်ရွက်ဖို့ လိုအပ်နေသေးသလို ငှက်ဖျားကျန်ရှိနေသေးတဲ့ ဒေသတွေက ဝေးလံတဲ့ ဒေသတွေဖြစ်ပြီး စစ်ရေးပဋိပက္ခတွေရှိတဲ့ နေရာဒေသတွေ ဖြစ်နေတဲ့အပေါ် ဒေါက်တာ အောင်ပြည့်ဖြိုးက-

“မြန်မာနိုင်ငံတွင်း ငှက်ဖျားက နေရာတော်တော်များများမှာတော့ ပျောက်သွားပြီပေါ့နော်။ ဘယ်လိုနေရာတွေ ကျန်သလဲဆိုတော့ အစွန်အဖျား ဒေသတွေပေါ့။ ၂၀၁၉ မှာ မြန်မာနိုင်ငံမှာ ငှက်ဖျားလူနာ ၃ သောင်းကျော် ၄ သောင်းလောက်ရှိတယ်။ အဲဒါရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ချင်းပြည်နယ် ပလက်ဝနဲ့ ကရင်ပြည်နယ် ဖာပွန်ပေါ့နော်။ အဲဒီမှာ စုပြုံနေတာပေါ့။ တကယ့် အစွန်အဖျား တကယ်ကို လိုအပ်တဲ့လူတွေမှာ ဖြစ်နေတာ။ နှစ်နေရာလုံးက သွားဖို့လာဖို့ ခက်ခဲတယ်။ နောက် ပလက်ဝမှာဆိုလည်း တိုက်ပွဲတွေဖြစ်နေတော့ အဲဒီနေရာတွေမှာ ငှက်ဖျားပရိုဂရမ်တွေအတွက် သွားဖို့လာဖို့ အခက်အခဲတွေ ရှိတာပေါ့။ အခု အမျိုးသား ငှက်ဖျားတိုက်ဖျက်ရေးရော၊ ကျနော်တို့ရော ခေါင်းခဲနေတာက ဒီ ပလက်ဝက ငှက်ဖျားပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ဖာပွန်ကို ဘယ်လိုကိုင်တွယ်မလဲ။ ဒီနှစ်နေရာသည် ကျနော်တို့အတွက် အကြီးဆုံး malaria burdon ပေါ့။ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ အစွမ်းကုန်လည်း ကြိုးစားနေပါတယ်။ ဒီလို ဆေးမတိုးတဲ့ငှက်ဖျား မြန်မာနိုင်ငံထဲ ရောက်မလာအောင်၊ တကယ်လို့ ရောက်လာခဲ့ရင် ဘယ်လို အကောင်းဆုံး ဖြေရှင်းမလဲ။ ကျနော်တို့ အဖြေရှာနေပါတယ်။” လို့ ပြောပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို ငှက်ဖျားရောဂါဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ အခြေခံကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေအပြင် လူငယ်ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ တတပ်တအား ပါဝင်ဆောင်ရွက်နေကြတဲ့အပေါ် တခြားနိုင်ငံတွေ အနေနဲ့ အတုယူသင့်ကြောင်းကိုလည်း ငှက်ဖျားတိုက်ဖျက်ရေးမှာ မြန်မာဟာ ကမ္ဘာအတွက် စံနမူနာပြုရမယ့် နိုင်ငံတနိုင်ငံဖြစ်ကြောင်း ၂၀၁၉ ဇူလိုင်လအတွင်းက ထုတ်ဝေတဲ့ The New York Times သတင်းစာမှာလည်း ဖော်ပြထားပါတယ်။

-----------------------------------

(Unicode)





“ကနြောျက ၂၁၀၈ က ဒီ Welcome Trust Fellowship ကို လြှောကျတယျပေါ့နောျ။ လြှောကျတော့ တကမ်ဘာလုံးမှာ ၃၀၀ ကြောျလောကျ လြှောကျတယျပေါ့နောျ။ အဲဒီထဲက ၃ ယောကျရှေးတာပါ။ ပွီးတော့ ၃ နှဈစာ သုတသေနတှလေုပျဖို့ ထောကျပံ့ပေးပါတယျ။”








Your browser doesn’t support HTML5

ငှက်ဖျားတိုက်ဖျက်ရေး မြန်မာလူငယ်ဆရာဝန်အချို့ရဲ့ ကြိုးပမ်းမှု