မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေ တိုးပွားလာနေချိန်မှာ မြန်မာ့လူငယ်တန်း ဒီဇိုင်းပညာရှင်တွေကလည်း ပြည်တွင်းဖြစ် အထည်တွေနဲ့ မြန်မာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတီထွင် ထုတ်လုပ်လာနေကြပါတယ်။ အထည်ချုပ်လုပ်ငန်းတိုးတက်လာသလောက် ပြည်တွင်းဖြစ် အဝတ်အထည်တွေ တိမ်ကောမသွားစေရေး သူတို့တတ်မြောက်ထားတဲ့ ဒီဇိုင်းပညာကိုသုံးပြီး ကြိုးစား အားထုတ်နေကြတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး မခွာညိုက ပြောပြပေးပါမယ်။
ဒီဇိုင်နာ မပြုံးသက်သက်ကျော်ဟာ အရင်တုန်းကတော့ ရန်ကုန် ဆင်ခြေဖုံးက အထည်ချုပ်စက်ရုံမှာ ဆယ်ကျော်သက် စက်ချုပ်သမလေးတယောက်ပါ။
အခုတော့ သူဟာ တန်ဖိုးကြီး အထည်တွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် အဖိုးနည်းဝန်ပါ - ပြည်တွင်းဖြစ် အထည်တွေကို အလုံးအရင်းနဲ့ ထုတ်လုပ်တဲ့ တက်သစ်စ ဖက်ရှင်နဲ့ ဒီဇိုင်းပညာရှင်တယောက်ဖြစ်နေပါပြီ။
“ဖြစ်လာတဲ့ အခြေအနေတွေကို ကျမတို့က ရင်ဆိုင်နေကြရတာပါ။ အလွယ်လမ်းလိုက်တဲ့ ဖက်ရှင်တွေနဲ့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေမလိုက်နာမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဒီအကျိုးဆက်ကို ကျမတို့ပဲ ခံစားကြရမှာပါ။”
ကမ္ဘာကျော် H&M နဲ့ Primark တို့လို အထည်လုပ်ငန်း ကုမ္ပဏီတွေဟာ စစ်အစိုးရအုပ်ချုပ်ရေး အဆုံးသတ်သွားတဲ့ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်လာခဲ့ကြပြီးဖြစ်ပါတယ်။
ပြည်ပပို့တဲ့ အထည်လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံကျော်အထိရခဲ့ပြီး ဒါဟာ မနှစ်က ဝင်ငွေရဲ့ နှစ်ဆဖြစ်ပါတယ်။
ဒါပေမယ့် လုပ်အားခ နည်းတာ၊ အလုပ်ချိန်အဆမတန်များတာနဲ့ အလုပ်သမားအခွင့်အရေးနည်းပါးတာတွေကြောင့် အလုပ်သမားတွေ အတွက်တော့ အကျိုးကျေးဇူး မရှိသလောက်ပဲ ဖြစ်နေပါသေးကြောင်း ဝေဖန်နေကြပါတယ်။
တခြား စိုးရိမ်မှုတခုကတော့ အဖိုးနည်း အဝတ်အထည်တွေဟာ သက်တမ်း နှစ်ပေါင်း တရာကျော် ရှိနေတဲ့ ရိုးရာ ယက်ကန်းလုပ်ငန်းကို ပျက်သုဉ်းသွားစေမလားဆိုတာပဲဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်တဲ့ မိုဟန်ကတော့
“ အဝယ် မလိုက်တော့လို့ ဒေသတွင်း စက်ရုံလေးတွေလည်း ပိတ်ပစ်ရတော့မလို ဖြစ်ကုန်နေပါပြီ။ ဈေးကွက်ပျောက်သွားတော့ အခုဆို စက်ရုံလေးတွေ အတော်များများ ပိတ်ကုန်ကြပါပြီ။”
မြန်မာနိုင်ငံဟာ ရိုးရာအထည်တွေအပေါ်မှာ အမြဲ ဂုဏ်ယူတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရိုးရာအထည်တွေကို ဝတ်ဆင်တာကြောင့် နာမည်ကျော်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ်တုန်းက မြန်မာ့ရိုးရာအဝတ်အထည် ဒီဇိုင်းပညာရှင် ၁၀ ယောက်သာ ရှိခဲ့ရာက အခုဆိုရင် အယောက် ၅၀ ရှိလာပါပြီ။
မပြုံးသက်သက်ကျော်က သူ့ရဲ့ အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်လို့ အောက်ခြေကစတဲ့ အတွေ့အကြုံတွေကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဖို့နဲ့ တခြားအမျိုးသမီးတွေကိုလည်း လေ့ကျင့်ပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“နေ့လည်စာစားချိန်ဆယ်မိနစ်လောက်ပဲ ပေးထားတာ၊ အပေါ့အလေးသွားချင်ရင်တောင်မှ စက်ကမပြတ်ကျနေတဲ့ ကျလာတဲ့အထည်တွေ ကောက်ဖို့ အနှောက်အယှက်ဖြစ်မှာစိုးလို့ သွားခွင့်မပေးတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ”
ပြုံးသက်သက်ကျော်အနေနဲ့ အလုပ်သမားတွေနဲ့ ပြည်တွင်းအထည်လုပ်ငန်းတွေ နောက်ကျန်မနေခဲ့ရအောင် ရည်ရွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5