မဘသအဖွဲ့နဲ့ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ဆရာတော်ကြီးတွေ မေတ္တာရပ်ခံ ပန်ကြားလိုက်ကြပါတယ်။
မဘသနဲ့ပတ်သက်တဲ့ ပိတ်ပင်တားမြစ်ချက်တွေ ထုတ်ပြန်ထားတဲ့ သံဃမဟာနာယက အဖွဲ့ရဲ့ ညွန်ကြားချက်ကို သံဃာထုညီညွတ်ရေး ရှေ့ရှုပြီး မဘသ အနေနဲ့လိုက်နာဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ဆရာတော်ကြီးတွေက အသီးသီး မေတ္တာရပ်ခံပန်ကြား လိုက်ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့အပါအဝင် မဘသအဖွဲ့ ဖျက်သိမ်းဖို့ သံဃမဟာနာယက အဖွဲ့ရဲ့ညွန်ကြားချက်ကို မလိုက်နာတဲ့ မဘသ အဖွဲ့တွေကိုအာဏာစက်နဲ့ အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံတော်အစိုးရရဲ့ သတင်းမီဒီယာက သောကြာနေ့က ကြေညာခဲ့ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့နဲ့ မန္တလေးမြို့က မဘသ အဖွဲ့တွေကတော့ သံဃမဟာ နာယက အဖွဲ့ကြီးရဲ့ ညွန်ကြားချက်ကို မနေ့ စနေနေ့ နောက်ဆုံးအချိန်ထိ လိုက်နာဆောင်ရွက်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့တဲ့အတွက် အာဏာစက်နဲ့ ဆက်လက်ဆောင်ရွက် မှာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာတွေက သတင်းထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။
အခုလို မဘသ အဖွဲ့တချို့ရဲ့ လုပ်ရပ်ကြောင့် သာသနာတော်တည်တံ့ရေး ထိခိုက်မှုရှိလာမှာကို စိုးရိမ်မိကြောင်းနဲ့ မြန်မာသံဃာထုညီညွတ်ရေး ထိခိုက်နေကြောင်း လူအများကြည်ညိုတဲ့ ဆရာတော်အသီးသီးကလည်း မနေ့က ပန်ကြားချက် အသီးသီးထုတ်ပြန်ခဲ့ပါတယ်။
မဘသ အဖွဲ့ပေါ်လာပြီးနောက် သံဃာထုရဲ့ ညီညွတ်မှုပြိုကွဲနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ် မချမ်းမြေ့ရကြောင်းနဲ့ သံဃာတော်တွေ ညီညွတ်ရေး အထူးလိုအပ်နေကြောင်း သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးက အခုလိုမိန့်ကြားခဲ့ပါတယ်။
“မဘသ ဆိုတဲ့အဖွဲ့ပေါ်လာပြီးတော့ သံဃာတွေ မညီမညွတ် ဖြစ်နေတယ်လို့ သိရတော့ စိတ်မချမ်းသာပါဘူး။ ညီညွတ်တဲ့ သံဃာတော်တွေ ရှိမှ သံဃာတော်များ ချမ်းသာပါတယ်ဘုရား .. ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိပါမယ်။ သံဃာတော်တွေက မညီညွတ်ဘူးဆိုရင် သံဃာ အချင်းချင်း ကွဲပြီးတော့ အကုသိုလ်တွေ များပါမယ်။”
ဒါအပြင် ဗန်းမော်ဆရာတော်ကြီးရဲ့ မေတ္တာရပ်ခံပန်ကြားချက်ကြောင့် ဖားအောက်တောရ ဆရာတော်နဲ့ တိပိဋက ယောဆရာတော်တို့ကလည်း သံဃာတော်တွေအနေနဲ့ မေတ္တာ ကရုဏာရှေ့ထားပြီး သံဃာထုညီညွတ်ရေးအတွက် သံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ကြေညာချက်တွေ မနေ့က ထုတ်ပြန်ခဲ့ ပါတယ်။ အလားတူ ကနေဒါအခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များအဖွဲ့ ဥက္ကဌဆရာတော် အရှင်ကောဝိဒကလဲ မဘသ အဖွဲ့ရဲ့ လုပ်ရပ်ကြောင့် သံဃာတော်တွေ ကြားမှာ ညီညွတ်ရေး ပြိုကွဲခဲ့ရကြောင်း အခုလို မိန့်ကြားခဲ့ပါတယ်။
“အမှန်တော့ ဒီ(မဟန)က ထုတ်တဲ့အမိန့် ဆိုရင်တော့ လိုက်နာဖို့သင့်ပါတယ်။ အခုလို လုပ်မယ်ဆိုရင်တော့ သံဃာတွေ ဂိုဏ်းတွေကွဲကုန် ပါလိမ့်မယ်။ အခုလည်း သံဃာချင်းက ကွဲနေပါပြီ။ ဘာလို့လဲဆိုတော့ မဘသ-ဆိုပြီးပေါ်လာတာ ပထမတုန်းကတော့ ဘုန်းဘုန်းတို့ အကောင်းလို့ မြင်ပါတယ်။ နောက်ပိုင်းမှာကျတော့ သူက ပါတီတခုကို တိုက်ခိုက်ဖို့ဆိုပြီး ဖြစ်လာတာတွေ တွေ့ရတော့ သိပ်မကောင်းဘူး ပေါ့လေ။ နိုင်ငံတကာမှာ နိုင်ငံခြားမှာနေတဲ့ သာသနာပြုနေတဲ့ ဘုန်းကြီးတွေကျတော့ ပိုပြီးသိသာတယ်၊ လူတွေက ဘုန်းဘုန်းတို့ကို ရန်သူလိုပဲ မြင်နေကြတယ်။”
ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ဖို့ အတွက် သံဃာတော်တွေအချင်းချင်းညီညွတ်ပြီး သာသနာပြုသင့်ကြောင်းလည်း ဆရာတော်က တိုက်တွန်းပါတယ်။
မဘသ အဖွဲ့နဲ့ ပတ်သက်လို့ မေလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ၄၇ပါး စုံညီအစည်းအဝေးကနေ ဒီအဖွဲ့ကိုဖျက်သိမ်းဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ “မဘသ” ဆိုတဲ့ အမည်သုံးပြီး တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လှုပ်ရှားဆောင်ရွက် နေတာတွေကို ရပ်တန့်ဖို့ အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ ဆိုင်းဘုတ် တွေကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင် ဖြုတ်သိမ်းဖို့ အစည်းအဝေးအပြီး ညွန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့ မဘသ အမည်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့ ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့လည်း ညွန်ကြားထားပါတယ်။
သံဃာ့မဟာနာယကအစည်းအဝေးကို ကိုယ်တိုက်တက်ရောက်ခဲ့တဲ့ မဘသအဖွဲ့ဥက္ကဌ အင်းစိန် (ရွာမ) ဆရာတော်ကြီး အရှင်တိလောကာ ဘိဝံသ ကိုယ်တိုင်လည်း ညွန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မယ့်အကြောင်းနဲ့ မဘသအဖွဲ့ဝင် ဆရာတော်တွေကိုလည်း အသိပေး ပြောကြားမှာဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆရာတော်ရဲ့ကျောင်းတိုက်ဖြစ်တဲ့ အင်းစိန်(ရွာမ) ပရိယတ္တိ စာသင်တိုက် အဝင်မှာတော့ “မဘသ” အစား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်အသစ်ကို ပြောင်းလဲတပ်ဆင် ထားပါတယ်။