ပြီးခဲ့တဲ့သီတင်းပတ်က လန်ဒန်မြို့ မြေအောက်ရထား ဘူတာရုံတခုမှာ လူ ၃၀ ကျော် ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး သံသယရှိသူ နောက်ထပ်နှစ်ဦးကို ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၈ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို ဝေလနယ်၊ Newport မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနေရာမှာပဲ အင်္ဂါနေ့ညက နောက်ထပ် သံသယရှိသူတဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီဖမ်းဆီးမှုအပြီးမှာပဲ အခုနောက်ဆုံး ဖမ်းဆီးခဲ့သူနှစ်ဦးရဲ့ လိပ်စာတွေကို ဒီကနေ့မှာ ဆက်လက် ရှာဖွေခဲ့ကြတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုနောက်ဆုံး ဖမ်းဆီးလိုက်သူတွေဟာ မြေအောက်ရထားဗုံးခွဲမှုနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။
အခုဆိုရင် ပြီးခဲ့တဲ့သောကြာနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပြီးချိန်ကစလို့ ဖမ်းဆီးထားသူ စုစုပေါင်း ၅ ဦးရှိသွားပါပြီ။ အစောပိုင်း ဖမ်းဆီးခဲ့သူ နှစ်ဦးကတော့ အသက် ၁၈ နှစ်အရွယ် အီရတ်ဒုက္ခသည်တဦးနဲ့ အသက် ၂၁ နှစ်အရွယ် ဆီးရီးယားနိုင်ငံသားတဦး ဖြစ်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားစွဲတာတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့အပတ်က Parsons Green မြေအောက်ရထားဘူတာရုံမှာ လူ အသွားအလာ များတဲ့အချိန် အိမ်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အစွန်းရောက် စစ်သွေးကြွတွေက ပြောထားပေမဲ့၊ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Amber Rudd ကတော့ ဒါကို လက်မခံပါဘူး။ ဒီဗုံးပေါက်ကွဲမှုဟာ ဗြိတိန်နိုင်ငံမှာ ဒီနှစ်အတွင်း ငါးကြိမ်မြောက် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ခံရမှုပဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5