လန်ဒန်မှာ စနေနေ့က ဆန့်ကျင်ဘက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်

လန်ဒန်မြို့မှာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇွန် ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ဗြိတိန်နိုင်ငံမှာ လူတွေ တတ်နိုင်သမျှ နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားချိန် လန်ဒန်မြို့လယ်ခေါင်မှာ လူမည်းတွေအပေါ် စာနာတဲ့ ဆန္ဒပြပွဲတွေနဲ့ သူတို့နဲ့ ဆန့်ကျင်ဘက် လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေကြား ထိပ်တိုက်ဖြစ်မယ့်အရေးကို ရဲက တားဆီးခဲ့ရပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက စလိုက်တဲ့ Black Lives Matter (BLM) လူမည်းတွေရဲ့ အသက်ကလည်း အရေးပါတယ်ဆိုတဲ့ လှုပ်ရှားမှုကြီးဟာ ကမ္ဘာကို ပြန့်သွားပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ လန်ဒန်မြို့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

SEE ALSO: လန်ဒန်မြို့တော် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ

အဲဒီ BLM ဆန္ဒပြပွဲတွေအတွင်း ရှေးဟောင်း သမိုင်းအမွေအနှစ်တွေကိုပါ ဖျက်ဆီးလာချိန်မှာ လက်ယာစွန်းတွေဘက်က တန်ပြန်တဲ့ ဆန္ဒပြပွဲတွေ စနေနေ့မှာ ဖြစ်လာရကြောင်း ဗြိတိန်နိုင်ငံ Leeds မြို့မှာနေတဲ့ မြန်မာဆရာဝန် ဒေါက်တာ သက်ကိုကိုက ရှင်းပြပါတယ်။

"ဒီတိုင်းပြည်မှာရှိတဲ့ သူတို့ အင်္ဂလိပ်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်တုတွေကို လိုက်ပြီးတော့ ဖျက်လိုဖျက်ဆီး ရမ်းကားစွာ လုပ်ပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်မှာ အနိုင်တိုက်နိုင်တဲ့ ဗြိတိန်ဝန်ကြီးချုပ် Winston Churchill လို တကယ့်ပုဂ္ဂိုလ်ကြီးရဲ့ ရုပ်တုကအစ ဖျက်လိုဖျက်ဆီး လုပ်တာတွေ တွေ့ရတဲ့အခါမှာ သူတို့တိုင်းပြည်ကို လာနေတဲ့သူတွေက သူတို့အပေါ် ပြန်ပြီး လူမျိုးရေးခွဲခြား နှိမ့်ချဆက်ဆံတာ Racist ပြန်လုပ်မှာကို ကြောက်ကြတယ်။ အဲဒီကိစ္စတွေကြောင့် ဖြစ်လာတာပါ။ အဲဒီအခါမှာတော့ အစွန်းနှစ်ဖက် ဖြစ်သွားတဲ့ သဘောပေါ့နော်။ အဲဒီတော့ အရမ်း စိတ်ဓာတ်ပြင်းထန်တဲ့သူတွေက လမ်းပေါ်ထွက်လာပြီး ဆန္ဒပြကုန်တာ။ အဲဒါကို တချို့ကလည်း လက်ယာစွန်းတွေလို့ ပြောကြပါတယ်။ ကျနော်တို့ကြတော့ ဘုရားဟောတဲ့ မဇ္ဈိမပဋိပဒါနဲ့ပဲ နေတဲ့လူတွေ ဖြစ်တဲ့အတွက် နှစ်ဖက်စလုံးကို မထောက်ခံပါဘူး။"

ဗြိတိန်နိုင်ငံဟာ လက်ရှိမှာ ကိုဗစ်အန္တရာယ် ကျန်းမာရေး အရေးပေါ်ကာလနဲ့ ရင်ဆိုင်နေရတာမို့ ပြည်သူတွေ ဒီဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patel ကလည်း တိုက်တွန်းပါတယ်။

"လူတိုင်းကို ကျမအနေနဲ့ တိုက်တွန်းချင်တာက ဒီလို လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေမှာ မပါဝင်ကြပါနဲ့။ ဒါဟာ လူထုကျန်းမာရေးကို ခြိမ်းခြောက်နေရုံသာမက လူနည်းစုတွေက ဒီဆန္ဒပြပွဲတွေကို အသုံးချပြီး ရမ်းကားဖျက်ဆီးတာတွေ လုပ်လာနိုင်ပါတယ်။ အဲဒီအုပ်စုတွေဟာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ပြောထားပြီးသား ဖြစ်ပါတယ်။ ကျမတို့ အဓိက သတိထားရမှာက ဒီလို လူစုလူဝေးလုပ်တာဟာ ကူးစက်ရောဂါ ပြန့်ပွားအောင်လုပ်တာနဲ့ အတူတူပဲ ဖြစ်တာကြောင့် ဒါကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒီလိုမဖြစ်အောင် ကျမတို့ ကာကွယ်သွားရမှာပါ။"

လန်ဒန်မြို့မှာနေထိုင်တဲ့ မြန်မာ့သမိုင်းပညာရှင် ဦအောင်ခင်ကတော့ နှစ်ဖက်စလုံးသော ဆန္ဒပြသူတွေဟာ ခုလို ကိုဗစ်ကပ်ရောဂါကာလအတွင်း ဆူပူလိုစိတ်က ပိုများတယ်လို့ သုံးသပ်ပါတယ်။

"လက်ဝဲစွန်းကတော့ ဒီအမည်းပေ့ါဗျာ နိုင်ငံရေးအရ မှန်ကန်တယ်ယူဆပြီး လုပ်တော့ ဟိုတဖက်ကလည်းပဲ လက်ယာဘက်လူကလည်း သူက ဖက်ဆစ်ဆန့်ကျင်ရေး ဘာညာဆိုပြီး ပြောတာပဲဗျ။ ဒီနှစ်ခု ပဋိပက္ခဖြစ်မှာစိုးလို့ လန်ဒန်မြို့တော်ဝန်တို့ ဘာတို့က ဝင်ထိန်းတဲ့သဘောပဲ။ ဒါက သူတို့က ရမ်းကားတဲ့သူတွေ၊ သူတို့မှာ နိုင်ငံရေးရည်ရွယ်ချက် ဘာညာ ယုံကြည်ချက်တွေ ဘာတွေ ရှိတာမဟုတ်ဘူးဗျ။"

ဆန္ဒပြပွဲတွေဟာ လန်ဒန်မြို့လယ်ခေါင် လွှတ်တော်အဆောက်အဦနား တဝိုက်၊ ဗြိတိန်ဘုရင်မကြီး နန်းတော်တည်ရှိရာနဲ့လည်း မဝေးတဲ့အရပ်မှာ ဖြစ်ပေါ်ခဲ့ပြီး လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေကို BLM ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်မဖြစ်ရအောင် ရဲတွေ တားဆီးရာက ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Your browser doesn’t support HTML5

လန်ဒန်မှာ စနေနေ့က ဆန့်ကျင်ဘက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်

----------------------------

(Unicode)






SEE ALSO: ကိုဗစ်ကပ်ရောဂါကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဗြိတိန်အစိုးရ ဝေဖန်ခံနေရ




