ကြာသပတေးနေ့က ကွယ်လွန်သွားတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ရဲ့ ဇနီးဖြစ်သူ Liu Xia ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးပြီး သူ့ဆန္ဒအတိုင်း တရုတ်နိုင်ငံကနေ ထွက်ခွာခွင့်ပြုဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ Liu Xiaobo ကွယ်လွန်အပြီး နာရီပိုင်းအတွင်းမှာပဲ မစ္စတာ Tillerson က အဲဒီလို တောင်းဆိုတာပါ။
လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရုတ်နိုင်ငံမှာ အခြေခံဥပဒေအရ အုပ်ချုပ်ရေးတို့အတွက် လှုပ်ရှားတာမှာ Liu Xiaobo ဟာ နိုဘဲလ်ဆုက အပ်နှင်းထားတဲ့ လူသားစိတ်ဓာတ်ကို ထင်ဟပ် အကောင်အထည်ဖော်ခဲ့ကြောင်း၊ နိုဘဲလ်ဆုချီးမြှင့်ရေးကော်မတီရဲ့ ရွေးချယ်ချက်ဟာ မှန်ကန်တယ်ဆိုတာ သူသေဆုံးချိန်ထိ သက်သေပြသွားခဲ့တာပဲဖြစ်ကြောင်း ဝန်ကြီး Tillerson ကပြောပါတယ်။
စာပေဝေဖန်ရေးဆရာကနေ အစိုးရအတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားသူဖြစ်လာတဲ့ အသက် ၆၂ နှစ်အရွယ် Liu Xiaobo ဟာ အသည်းကင်ဆာရောဂါကို အပြင်းအထန်ခံစားရပြီးတဲ့နောက် ကြာသပတေးနေ့ကပဲ ကွယ်လွန်သွားတာပါ။
သူသေဆုံးရမှုအတွက် တရုတ်အစိုးရမှာ ကြီးမားတဲ့တာဝန်တရပ် ရှိသွားပြီလို့ နော်ဝေး၊ နိုဘဲလ်ဆုချီးမြှင့်ရေးကော်မတီ အကြီးအကဲ Berit Reiss-Anderssen က ကြာသပတေးနေ့မှာပဲ ပြောပါတယ်။
Liu Xiaobo ရဲ့ အထင်ကရလုပ်ရပ်တွေနဲ့ သူ့ရဲ့သမိုင်းကြောင်းကို လူ့အခွင့်အရေးအဖွဲ့တွေက ချီးကျူးဂုဏ်ပြုကြတဲ့ တချိန်ထဲမှာပဲ ဖမ်းဆီးခံထားရချိန်အတွင်း သေဆုံးရမှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ထပ်မဖြစ်အောင် တားဆီးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြပါတယ်။
Your browser doesn’t support HTML5