[[Zawgyi/Unicode]]
ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပါအဝင် အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖေါက်နေတဲ့အတွက် အဲဒီလုပ်ရပ်ကိုရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ နော်ဝေ၊ နယူးဇီလန်၊ သြစတေးလျ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေ၊ သံရုံးအကြီးအကဲတွေ ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် နယ်စပ်ဒေသကို လေယာဉ်မပျံသန်းရနယ်မြေ သတ်မှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အရေးပေါ် တောင်းဆိုထားပြီး စစ်လေ ယာဉ်တွေဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံဘက်က ဒုက္ခသည် ၃,၄၀၀ လောက် ထိုင်းဘက်မှာ ခိုလှုံနေပြီး နောက်ထပ် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေလည်း ထိုင်းဘက်ကို ဝင်ခွင့်ရဖို့အတွက် နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့အကြောင်း ထိုင်းအရာရှိတွေက ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်လို့ မှတ်ချက်တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။
Your browser doesn’t support HTML5
==================
[[Unicode]]
==================