လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်တော့မှာမို့ ပြည်တွင်းကရော ကမ္ဘာတဝန်းလုံးကပါ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ အထိမ်းအမှတ် ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲကြဖို့ စိုင်းပြင်းနေကြပါတယ်။ အဲဒီလို အမှတ်တရ ရှိကြသူတွေထဲမှာ မြန်မာ့အရေးကို စိတ်ဝင်တစား အရေးတယူ အားပေးလေ့ရှိတဲ့ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ လော်ရာ ဘုရှ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘယ်လိုများ အမှတ်တရ ပြောဆိုထားသလဲဆိုတာ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် ရေးသားတဲ့ Spoken from the Heart နှလုံးသားထဲက စကားများဆိုတဲ့ သူ့ရဲ့ ဘဝအတွေ့အကြုံ မှတ်တမ်းစာအုပ်နဲ့ ပတ်သက်ပြီး ဗွီအိုအေ အမေရိကန်အသံ အာဖဂန် သတင်းဌာနက တွေ့ဆုံ မေးမြန်းတဲ့အခါ သမ္မတကတော် လော်ရာ ဘုရှ်ရဲ့ မြန်မာ့အရေး စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မှာ သမ္မတကတော် လော်ရာ ဘုရှ် အနေနဲ့ ဘယ်လိုများ အမှာစကားတွေ ပါးချင်ပါသလဲလို့ မေးတဲ့အခါမှာတော့ အခုလို ပြောပြပါတယ်။
“ကျမ မကြာခဏဆိုသလို ဒေါ်အောင်ဆန်းစုကြည် အကြောင်း တွေးမိပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်၊ အခုလက်ရှိ အမေရိကန် အစိုးရရဲ့ ဆက်သွယ် ဆောင်ရွက်တာတွေ၊ နောက် မြန်မာပြည်သူတွေက အမေရိကန် အစိုးရအသစ် အပေါ်မှာ ဘယ်လိုရှုမြင်သလဲ ဆိုတာတွေကိုလည်း ကျမ မျက်ခြည် မပြတ်ပါဘူး။”
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတကတော် လော်ရှာ ဘုရှ်က အခုလို မှတ်ချက်ချသွားပါသေးတယ်။
“မြန်မာပြည်အတွက် စိတ်ပူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စိတ်ပူပါတယ်။ ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ် ဆိုတာကိုတော့ မကြေညာသေးတဲ့ ရွေးကောက်ပွဲဟာ ဖိနှိပ်တဲ့ စစ်အစိုးရရဲ့ အပေါ်ယံ ဟန်ပြသက်သက် ရွေးကောက်ပွဲ ဖြစ်ပြီးတော့ ပြည်သူလူထုတွေကို မဲထည့်ခိုင်းဖို့ပဲ ဖြစ်မှာပါ။”
မြန်မာနိင်ငံအတွင်းမှာတော့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တွေက မြန်မာတို့ရဲ့ ရိုးရာ အစဉ်အလာအရ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်တာဟာ အသက် ၆၆ နှစ်ထဲ ဝင်မှာမို့ သစ်ပင် ၆၆ ပင် စိုက်ကြဖို့ စီစဉ်နေကြတဲ့ အကြောင်းကို မစ္ဈိမ သတင်းမှာ ဖော်ပြထားပါတယ်။ မြို့နယ်ပေါင်း ၃၁၈ မြို့နယ်မှာ တမြို့နယ်ကို ၆၆ ပင်နှုန်း ဇွန်လ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သစ်ပင်ပေါင်း ၂၀၉၈၈ ပင် စိုက်ပျိုးမှာ ဖြစ်တယ်လို့ NLD ဗဟိုဦးစီးအဖွဲ့ဝင် တဦးဖြစ်တဲ့ မဖြူဖြူသင်းကပြောကြောင်း မဇ္ဈိမသတင်းမှာ ရေးသားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာတဝန်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ပွဲတွေကို နေရာဒေသအလိုက် ပညာပေး ဟောပြောပွဲတွေ၊ လူမှုရေး ရန်ပုံငွေ ရှာဖွေပွဲတွေ စသဖြင့် အသီးသီး ကျင်းပကြဖို့ စိုင်းပြင်းနေတယ်လို့ သိရပါတယ်။