Zawgyi/Unicode
KIO ရဲ့ ပညာရေးကျောင်းတွေတည်ရှိရာ မိုင်ဂျာယန်မှာ Covid 19 ကူးစက်သူဟာ အခုဆိုရင် ၃၂၀ ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။ လောလောဆယ်မှာကတော့ Covid 19 ပိုးတွေ့လူနာမရှိတဲ့ လိုင်ဇာဒေသဘက်မှာ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း KIO တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ KIO ဒေသက Covid ကူးစက်မှုအခြေအနေ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
KIO ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ပညာရေး ဗဟိုဌာနဖြစ်တဲ့ တရုတ်မြန်မာနယ်စပ်က မိုင်ဂျာယန်မြို့မှာ ဒီလ ပထမပတ်က ကျောင်းသားတွေအကြားမှာ Covid ကူးစက်မှု စတင်တွေ့ခဲ့တာပါ။
စတင်တွေ့ချိန်မှာ ၂ ဦးရှိခဲ့ရာ ထပ်မံစစ်ဆေးရာ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ကူးစက်သူ ၂၀၀ နီးပါးရှိလာခဲ့ပြီးလက်ရှိအချိန်မှာတော့ ၃၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိထားကြောင်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်တို့ မိုင်ဂျာယန်မှာ ရှိတဲ့ စာသင်ကျောင်းတွေပေါ့နော်။ စာသင်နေတဲ့ ကလေးတွေဆီမှာ ကူးစက်တာရှိပါတယ် ။ အခုလက်ရှိပေ့ါနော်။ ပိုးတွေ့လူနာကတော့ အားလုံးက ၃၂၀ ကျော်ရှိပါတယ်။ စစ်ပြီးမှ ပိုးတွေ့ရတဲ့လူနာတွေကို ခွဲပြီးမှ ကျနော်တို့ ပြုစုနေပါတယ်။ သံသယလူနာတွေလည်း ကူးစက်ပုံစံနဲ့ သီခြားပေါ့နော်။ သီးသန့်ထားပြီးမှ ကျနော်တို့ ပြုစုပါတယ်။ တချို့တွေကတော့ Positive ကနေ Negative ပြန်ပြောင်းသွားတာလည်း ရှိပါတယ်။ အခုလောလောဆယ်ကတော့ ၃၀၀ ကျော်ကတော့ ကျနော်တို့ ပြုစုနေပါတယ်။”
လက်ရှိအခြေအနေမှာ မိုင်ဂျာယန်မှာ Covid 19 ကူးစက်လူနာတွေ တွေ့ထားတာကြောင့် ကာကွယ်ဆေးထိုးတာတွေကို ရပ်ဆိုင်းထားပါတယ်။ လိုင်ဇာမြို့ဘက်မှာတော့ နေ့စဉ်ကာကွယ်ဆေး ထိုးပေးနေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
“ကာကွယ်ဆေးကတော့ ပိုးတွေ့လူနာတွေများတဲ့အချိန်ကာလမှာတော့ ကျနော်တို့ ခန ရပ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးတာနဲ့ လူစုလူဝေးလုပ်နေကြပြီ။ အဲဒါကို ကျနော်တို့က ပိတ်ထားတာ ရှိပါတယ်။ တခြားနေရာမှာတော့ ဥပမာ လိုင်ဇာတို့နေရာမှာတော့ နေ့တိုင်း နေ့တိုင်း ကျနော်တို့ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒီမိုင်ဂျာယန်မှာကတော့ လူစုလူဝေးလုပ်လို့ အဆင်မပြေတဲ့အခါကျတော့ Vaccine ထိုးတာကတော့ ခန ပြန်ပြီးမှ ရပ်ထားတာရှိပါတယ်။”
မိုင်ဂျာယန်ဒေသမှာ Covid 19 အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက်မှာ လိုင်ဇာအပါအဝင် ပြင်ပဒေသတွေနဲ့အသွားအလာကန့်သတ်တာတွေ၊ ကျောင်း၊ ဘုရားကျောင်းစတာတွေမှာ လူစုဝေးတာတွေကို ပိတ်ထားခဲ့ပါတယ်။
ဒီလို အသွားအလာကန့်သတ်လိုက်တဲ့အတွက် ဒေသခံအချို့နဲ့ မိုင်ဂျာယန်ဒေသက ပါကထောင် ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ အခက်အခဲ အချို့ရှိလာတာကြောင့် ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက ဆန်၊ ဆီ၊ ဆားနဲ့အသားဗူးတွေ ဝေငှ ထောက်ပံ့တာတွေရှိခဲ့ပါတယ်။
ဒေသတွင်းကူညီသူတွေကတော့ Covid ကူးစက်မှုမြင့်တက်လာရင်၊ ရောဂါကူးစက်မှုက ရေရှည်ဖြစ်နေရင် ဗန်းမော်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ အဆက်ပြတ်နေတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အခက်အခဲ ဖြစ်လာမှာကို စိုးရိမ်တာတွေ ရှိခဲ့ပါတယ်။
မိုင်ဂျာယန်က လူမှုကူညီရေးအဖွဲ့တခုဖြစ်တဲ့ ဝမ်ပေါင်နိမ်းထွဲ၊ လူထုအလင်း ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒေါ်မေရိတွမ်ကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေကို ထိန်းချုပ်ရနိုင်မယ်လို့ ယူဆကြောင်း အခုလို ပြောပါတယ်။
“အဓိကကတော့ ကာကွယ်ဆေးကအစ တရုတ်ကလာပြီးတော့ ကူညီပေးတဲ့အပိုင်းရှိတောပေါ့လေ နော်။ အခု ကျမတို့မှာထားတဲ့ ပစ္စည်းတွေဆိုလည်း ကာကွယ်ရေး ပစ္စည်း၊ ဆေးဝါး၊ အသုံးအဆောင်တွေ ဟိုဘက်က တင်သွင်းတာရှိတယ်။ တရုတ်လမ်းကြောင်းပေ့ါလေနော်။ ဒီကနေပဲ သူတို့ တရားဝင် ပြောပြီးမှ သွင်းနေတဲ့အပိုင်းတွေ ရှိပါတယ်။ လက်ရှိမှာလည်း KIO ရဲ့ Covid ကော်မတီနဲ့ သက်ဆိုင်ရာ KIO အစိုးရတို့ ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်နေတာကို ကျမတို့ မြင်ရတယ်။ ရေရှည်ကျရင် Systematically တိတိကျကျနဲ့ လုပ်မယ်ဆိုရင်တော့ ကောင်းကောင်းကြီး ထိန်းချုပ်သွားနိုင်မယ်လို့ ကျမ အဲလို ထင်ပါတယ်ရှင့်။”
KIO က ကူးစက်မှုမြင့်တက်နေတဲ့ မိုင်ဂျာယန်မှာ အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့လည်း ပြင်ဆင်ထားကြောင်း ပြောပါတယ်။
လက်ရှိအခြေအနေမှာ မိုင်ဂျာယန်မှာ Covid 19 အတည်ပြုလူနာ ၃၀၀ကျော်ရှိနေပြီး မိုင်ဂျာယန်ဒေသက ပါကထောင် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ကိုဗစ်အတည်ပြုလူနာ ၆ ဦးတွေ့ရှိထားတာပါ။ လိုင်ဇာမြို့မှာတော့ မြို့တွင်းက ဒေသခံတွေကြားမှာ ပိုးတွေ့လူနာမရှိဘဲ ပြင်ပကနေ လိုင်ဇာကို ဝင်ရောက်လာသူ ၂၀ လောက်မှာ ပိုးတွေ့ထားပြီး နောက်ဆုံးမှာ အတည်ပြုလူနာ ၆ ဦးကို သာ ကုသပေးနေရကြောင်း KIO ရဲ့ Covid 19 ကာကွယ် တားဆီး နှိမ်နင်းရေးကော်မတီက တာဝန်ရှိသူက ပြောပါတယ်။
Covid 19 ကူးစက်လူနာ တွေရှိလာတဲ့နောက်မှာလိုင်ဇာမြို့မှာတော့ ဒီလ ၅ရက်နေ့ကစတင်ပြီး မြို့ အဝင်အထွက်တွေကို ပိတ်ပင်လိုက်သလို မိုင်ဂျာယန်မြို့မှာလည်း ဒီလ ၈ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ မြို့နယ် ၁၀မြို့နယ်မှာ Covid 19 ကူးစက်လူနာရှိနေပြီး ဒီလ ၁၃ရက်နေ့ကစတင်ပြီး မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်တွေကို Stay at Home သတ်မှတ်ထားပါတယ်။
Your browser doesn’t support HTML5
=====
Unicode
#Covid19 #MyanmarCovid #Kachin #VOABurmese