ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေ ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဒဏ်ရာတွေနဲ့ အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက်နဲ့ ဓာတ်ပုံသတင်းထောက်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဦးခေါင်းပိုင်းအပါအဝင် တကိုယ်လုံး ဒဏ်ရာတွေရထားတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ဒီနေ့ရုံးထုတ်ရာမှာ ခြေထောက်ဒဏ်ရာ ပြန်မကောင်းသေးတဲ့အတွက် လူ ၂ ယောက်တွဲနဲ့ သွားလာရတယ်လို့ ရှေ့နေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းငြိမ်း ချမ်းချမ်း ချီတက်ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်တပ်က ကားအရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ဖမ်းဆီးစဉ် Myanmar Pressphoto Agency (MPA) သတင်းဌာနက ရုပ်သံသတင်းထောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းတို့ ဖမ်းဆီးခံခဲ့ကြရပါတယ်။ အဖမ်းခံရချိန်က မမှူးရတနာ ခက်မို့မို့ထွန်း ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရထားသလို ကိုကောင်းဆက်လင်းဟာလည်း ခါးအောက်ပိုင်းဒဏ်ရာနဲ့ ဖမ်းဆီး ခံခဲ့ရတာပါ။ သူတို့ ၂ ယောက်လုံးကို အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ကြံစည်ဆောင်ရွက်မှု၊ အစိုးရဝန်ထမ်းတွေ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှု စတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားစွဲဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
စစ်ဆေးရုံမှာ တလကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရတဲ့ မမှူးရတနာကို ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီက ခေါ်သွားခဲ့ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာတော့ ကြည့်မြင့်တိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ သူ့အမှုသည်နဲ့ စကားပြောခွင့် မရခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေကို အဝေးကနေ လှမ်းကြည့်ခွင့်ရခဲ့တယ်လို့ ရှေ့နေက ပြောပြပါတယ်။
" သူကတော့ရွှေပြည်သာစစ်ကြောရေးကနေပြီးတော့မှ ကြည့်မြင်တိုင်မြို့မရဲစခန်းကို ပြန်လွှဲပေးလိုက်ပြီပေါ့နော်။လွှဲ ပေးလိုက်တော့ ဒီနေ့မနက်ကျနော်တို့သွားတွေ့တော့ လူချင်းတွေ့ဆုံစကားပြောခွင့်မရဘူး။ သူ့ကျန်းမာရေးကိုသိချင်လို့ ပြောတော့ လူတော့မြင်လိုက်ရတယ်။ အတန်အသင့်သက်သာပါပြီ အဆိုးဆုံးကတော့ ခြေထောက်ပေါ့။ ခြေထောက် ဒဏ်ရာကတော့ ဆိုးတာပေါ့။ လမ်းမလျှောက်နိုင်ဘူး။ ဓါတ်မှန်တွေအရလည်း အရိုးကျိုးတာမဆက်သေးဘူး။ ဒီနေ့ ရမန်ထပ်ယူထားတယ်။ ၁၄ရက်ယူထားတယ်။ ၂၈ရက်နေ့အထိ ရမန်ယူထားတယ်။ ၂၈ရက်ကျမှ တရားစွဲအင်းစိန် ထောင်ပို့မယ် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ပါဘဲ။ ။ မှုးရတနာကတော့ အင်းစိန်ရောက်ဆေးရုံတန်းလွှဲရမှာဘဲ။ လမ်းလုံးဝမလျှောက်နိုင်ဘူး။ ၂ယောက် တွဲသွားနေရတဲ့အနေအထားပေါ့။ ပြောမယ်ဆိုရင်တော့တရားခွင်ကိုရောက် လာ နိုင်စရာအနေအထားမရှိဘူး။ "
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားနဲ့အတင်းဝင်တိုက် ဖမ်းဆီးစဉ် ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သတိမေ့ရောဂါခံစားနေရသလို၊ အချိန်တိုင်းခေါင်းမူးနေတယ်လို့ သိရပါတယ်။ ခြေထောက်မှာလည်း ကျိုးထားတဲ့အရိုးပြန်မဆက်သေးတဲ့အတွက် ဝဲဘက်ပေါင် အရင်းကနေ ခြေဖျားထိ ကျောက်ပတ်တီး စီးထားရပြီး လူ၂ ယောက်နဲ့ တွဲသွားမှသာ သွားလာနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ရှေ့နေကပြောပါတယ်။ ရွှေပြည်သာ စစ်ကြောရေးမှာ ၅ ရက်ကြာ ခေါ်ယူမေးမြန်းခံရတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မမှူးရတနာနဲ့အတူ ဆန္ဒပြပွဲ သတင်းယူနေစဉ် စစ်တပ်က ကားနဲ့အတင်းဝင်တိုက်ဖမ်းဆီးခံခဲ့ရတဲ့ ကိုကောင်းဆက် လင်းဟာ လည်း ဒဏ်ရာတွေ အရှင်း မပျောက်ခင် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် တနင်္လာနေ့က အင်းစိန်ထောင်ကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။ ကိုကောင်းဆက်လင်းရဲ့ နောက်ဆက်တွဲအခြေအနေ ကိုလည်း ရှေ့နေဖြစ်သူက ခုလိုပြောပြပါတယ်။
" ကိုကောင်းဆက်လင်းကတော့အင်းစိန်ထောင်ရောက်ပြီးတော့မှ သူလည်းဘဲ ၂ပတ် ရမန်ယူထားတယ်။ ၂၅ရက်နေ့ မှာသူ့ကိုအမှု စွဲတင်ဖို့ရှိတယ်။၅၀၅-ကကြီးပါဘဲ. သူလည်းဘဲ ခါးနဲ့တင်ပဆုံက အကောင်းကြီးမဟုတ်သေးဘူး။ ဆရာတို့ကသူနဲ့ အဆက်မရသေးဘူး ရုံးချိန်းမှတွေ့ရမယ်။ "
ဖမ်းခံရချိန် ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တဲ့ သူတို့ ၂ ယောက်လုံးကို စစ်ဆေးရုံမှာ ကုသမှုပေးပေမဲ့ ရောဂါ အရှင်းမပျောက်ခင်မှာဘဲ စစ်ကြောရေးကို ခေါ်ယူစစ်ဆေးခံခဲ့ကြရပါတယ်။ သူတို့ ၂ ယောက်လုံးဟာ ဆန္ဒပြပွဲသတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ Myanmar Pressphoto Agency (MPA) သတင်းဌာနက ပြောကြားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ စစ်ကောင်စီကတော့ သူတို့တွေ့ဟာ ဆန္ဒပြပွဲ တွေမှာ ကိုယ်တိုင်လှုံ့ဆော်ပြီး သတင်းရယူတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ သြ ဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်ဟာလည်း သူစွဲဆို ခံထားရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အမှု၊ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ တို့အတွက် တရားလိုနဲ့ တရားလိုသက်သေတွေကို တရားရုံးမှာ စတင်စစ်ဆေးကြားနာမှုတွေ လုပ်နေပြီလို့ ရှေ့နေကပြောပါတယ်။
" ထက်ထက်ခိုင်အမှုကတရားလိုစစ်ပြီးသွားပြီ။ တရားလိုစစ်ပြီးသွားပြီ အမှု စစ်စစ်ပြီးသွားပြီနော်။ အမှု ၂မှုက ၁၇/၁ က တမှု၊ ၁၇/၁ က မင်္ဂလာတောင်ညွှန့်ကစွဲထားတာ။ဗဟန်းကတော့ ၅၀၅-က ကတမှု၊ ဗဟန်းကတော့ တရားလိုကော အမှုစစ်ကောစစ်ပြီးသွားပြီ။မင်္ဂလာတောင်ညွှန့်ကတော့ တရားလိုဘဲစစ်ရ သေးတယ်။ မင်္ဂလာတောင်ညွှန့်က ၁၇/၁ နော်။ ကျန်းမာရေးကောင်းပါတယ်။ ကျန်းမာရေးကောင်းတယ်။ "
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတချို့နဲ့ ၊ အရင်က သတင်းထောက် လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတချို့ ဖမ်းဆီးခံရပြီး၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲထားသလို၊ သတင်းသမားတချို့ကိုလည်း ထောင်ချခဲ့ပါတယ်။ သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး တဲ့ နောက် ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထောင်ချခံခဲ့ရပါတယ်။ ၅၆ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိမှာ သတင်းသမား အယောက် ၅၀ လောက် အကျဉ်းထောင်အသီးသီးမှာ ဆက်လက် အမှုရင်ဆိုင်နေရကြောင်း ပြည်တွင်းက သတင်းထောက်တွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။
................................................................................................
Your browser doesn’t support HTML5
(Unicode)
Your browser doesn’t support HTML5