ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ပြီး အကောင်ထည်ဖေါ်မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရခိုင်ဒေသခံတွေရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိအောင် အကာအကွယ်ပေးဖို့ကို ရခိုင်အမျိုးသားပါတီ ANP ကရော၊ ဒေသခံတွေကပါ တောင်းဆိုလိုက်ကြပါတယ်။ ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခဲ့တုန်းက ဒေသခံတွေ နစ်နာခဲ့တဲ့ သာဓကတွေရှိခဲ့တာကြောင့် ထောက်ပြတောင်းဆိုလိုက်ကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီမှုကို တရုတ်နိုင်ငံ CITIC Group နဲ့ မြန်မာအစိုးရတို့ကြား နိုဝင်ဘာ ၈ ရက် ကြာသပတေးနေ့က နေပြည်တော်မှာ လက်မှတ်ထိုး သဘောတူခဲ့ကြတာပါ။ ဒီသဘောတူညီချက်အပေါ် သတိနဲ့ကြိုဆိုပေမဲ့ စီမံကိန်းကို တရုတ်-မြန်မာနှစ်နိုင်ငံကြား အကောင်ထည်ဖေါ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ရှုမြင်ကြောင်း ၊ ANP ပါတီရဲ့ ဒုဥက္ကဌ ဒေါ်အေးနုစိန်က VOA ကို ပြောပါတယ်။
“ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ် ပီပြင်ရင်တော့ ကျမတို့ကြိုဆိုရမှာပေါ့လေ။ ဒါပေမဲ့ သတင်းအချက်အလက်တွေ ပွင့်လင်းမြင်သာမှု ရှိဖို့ရယ်၊ ဒီအမျိုးသားအကျိုးစီးပွား ဒေသခံတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် အထောက်အကူဖြစ်မလား၊ ထိခိုက်စရာတွေများ ရှိမလား … ဆိုတဲ့ စိုးရိမ်မှုတွေကို ဘယ်လိုဖြေလျှော့ပေးမလဲ။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဒီပါတီတွေနဲ့ရော အခြားလူမှုအဖွဲ့အစည်းတွေနဲ့ရော တွေ့ဆုံ ဆွေးနွေးအဖြေရှာမှုတွေ ဆောင်ရွက်မှုတွေလုပ်ပေးဖို့ ကျမတို့ဘက်က ဒီကြေညာချက်ကို ထုတ်တာဖြစ်ပါတယ်။”
ANP ပါတီက နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို မှန်ကန်စွာ သိရှိခွင့်ရရှိလိုကြောင်းနဲ့ စီမံကိန်း အကောင်အထည်ဖေါ်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒေသခံတွေကို အသိပေး တိုင်ပင်သွားဖို့ လိုလားကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်လာတဲ့အခါ အလုပ်အကိုင်တွေရရှိရေးအတွက် ကျောက်ဖြူဒေသခံတွေကြား စိုးရိမ်မှုရှိသလို၊ မဒဲကျွန်းတဝိုက် လတ်တလော ဖြစ်ပေါ်နေတဲ့ မြေယာအရောင်းအဝယ်တွေက ဒေသခံတွေကို နစ်နာမှု ရှိစေတယ်လို့ ကျောက်ဖြူလူမှုကွန်ယက် တာဝန်ခံ ဦးထွန်းလွင်က ပြောပါတယ်။
“ အဓိက မျှော်လင့်ကြတာက အလုပ်အကိုင်ပဲဖြစ်တယ်။ ဒေသခံအများစုက ပညာမှာ အားနည်းကြတဲ့အခါကျတော့ ဒီစီမံကိန်းကြီးတွေမှာ ဝင်ပြီး အလုပ်ရနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိကြတယ်လေ။ သို့သော်လည်းပဲ အလုပ်ရနိုင်တဲ့ အဆင့်ထိရောက်အောင် ဒေသခံတွေ ပြင်ဆင်ရမယ့် အပိုင်းမှာ အစိုးရဘက်ကရော ကုမ္ပဏီတွေဘက်ကပါ ဘယ်လောက်ထိ ကူညီပြင်ဆင်ပေးမလဲ။ ဒီကိစ္စက အတော်များများ စိုးရိမ်နေကြတဲ့ကိစ္စပါ။ အခုတောင်မှ မဒဲကျွန်း အဲဒီရေနက်ဆိပ်ကမ်းဆောက်မယ့် နေရာတဝိုက်မှာ မြေအရောင်းအဝယ်တွေ လုပ်နေကြတယ် ဆိုတဲ့ကိစ္စတွေက ပေါ်လာပြီလေ။ ဒီဟာတွေကို အရောင်းအဝယ်လုပ်ကြတဲ့ လူတွေကလည်း ကိုယ့်ဒေသကလူတွေ မဟုတ်ပဲနဲ့ အဝေးကလာတဲ့ လူတွေဖြစ်နေတယ်။ ဆိုတော့ ဒီပေါ်မှာလည်းပဲ တချိန်လုံး ဘိုးစဉ်ဘောင်ဆက်နေလာကြတဲ့ လူတွေက ဥပေက္ခာပြုခြင်း ခံရပြီးတော့ ဒါနဲ့ပတ်သက်လို့လည်း စိုးရိမ်မှု ရှိကြတာပေါ့နော်။”
တရုတ်အစိုးရက အာဖရိကနိုင်ငံတွေမှာ သွားရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေမှာ တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ တရုတ်အလုပ်သမား တွေကိုပါ ခေါ်သွားပြီး လုပ်ကိုင်ကြတာကြောင့် ဒေသခံတွေ အလုပ်အကိုင်မရပဲ ဖြစ်ရတဲ့ သာဓတွေလည်းရှိခဲ့ဖူးတာပါ။
ကျောက်ဖြူစီမံကိန်းနဲ့ပတ်သက်လို့ အခုလို ဒေသခံတွေစိုးရိမ်မှု ရှိနေရတာကလည်း အရင်တုန်းက ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းစဉ်က နစ်နာခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဖြစ်တယ်လို့ ဒေါ်အေးနုစိန်က ထောက်ပြပါတယ်။
“ ဒီနယ်ကလူတွေရဲ့ လယ်တွေယာတွေသိမ်းတယ်။ ဂေဟစနစ်တွေ ပျက်စီးတယ်။ မြစ်ချောင်းတွေမှာ သားငါးရှာလို့ မရဘူး။ လျှော်ကြေးတွေ မရဘူး။ နောက် ကိုယ့်အသိမ်းခံရတဲ့ တန်ဖိုးနဲ့ ပြန်လျှော်ပေးတဲ့ တန်းဖိုးက မမျှဘူး။ အဲဒါနဲ့ပဲ သူတို့တွေက ကိုယ့်ဒေသကို စွန့်ခွာပြီးထွက်သွား ကြတယ် … ဆိုတဲ့ အနိဌာရုံတွေက အများကြီးရှိခဲ့တယ်။”
ကျောက်ဖြူမှာ ရေလုပ်ငန်းအပေါ် မှီခိုနေကြသူတွေ အများစုရှိတာကြောင့် သူတို့လုပ်ငန်းတွေ ထိခိုက်မှာကိုစိုးရိမ်ကြသလို၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာကိုလည်း စိုးရိမ်ကြကြောင်း ကျောက်ဖြူဒေသခံ ဦးထွန်းလွင်က ပြောပါတယ်။
“ ဒီမှာ ရေလုပ်သားတွေအများစု ငါးရှာနေကြတဲ့လူတွေမှာကော တကယ်ပဲ ငါးရှာလို့ ရဦးမှာလား၊ ရှာလို့မရဘူးဆိုရင်ကော ဒီရေလုပ်သားတွေ အတွက် ဘာတွေ အစီအစဉ်တွေ လုပ်ပေးမလဲ အဲဒီလို ရေလုပ်သားတွေရဲ့ စိုးရိမ်စိတ်ရော၊ သဘာဝပတ်ဝန်းကျင်ဆိုရင်လည်း စီမံကိန်းကြောင့် ဒီရေတောတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိကြတယ်။ အဲဒီ ဒီရေတောတွေက ကျနော်တို့ဒေသခံတွေအတွက် တဝမ်းတခါးရှာစားလို့ရတဲ့ နေရာတွေ ဖြစ်တယ်။”
ကျောက်ဖြူ ရေနက်စီမံကိန်းကို အခုလက်ရှိ သဘောတူညီချက်အရ ဒေါ်လာ သန်း ၁၃၀၀ ရင်းနှီးမြှုပ်နှံကြမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှု ၃၀% ထည့်ဝင်ခွင့်ရမှာဖြစ်သလို၊ တရုတ်အစိုးရဘက်က ၇၀% ထည့်ဝင်မှာဖြစ်ပါတယ်။ ကနဦးတုန်းကတော့ မြန်မာဘက်က ၁၅% နဲ့ တရုတ်ဘက်က ၈၅% ထည့်ဝင်ဖို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သဘောတူညီခဲ့ပါတယ်။
Your browser doesn’t support HTML5