မြန်မာ-တရုတ် ၂ နိုင်ငံကြား နှစ်ရှည်လများ ညှိနှိုင်းပြီးမှ ရရှိလာတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် ဆိုတာဟာ ၂၀၁၅ ခုနှစ်က သဘောတူညီထားခဲ့တဲ့ စီမံကိန်းကြီးရဲ့ ကနဦးအစိတ်အပိုင်းငယ်တခုဖြစ်ပါတယ်။ ဒီပထမအဆင့်ကို လက်တွေ့အကောင်အထည်ဖေါ်နိုင်ရေးအတွက် မှာပင် အခက်အခဲတွေ ရှိနေသေးတယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာ က တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun နဲ့ ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။
မြန်မာ-တရုတ် ၂ နိုင်ငံကြားမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်ဆိုတာဟာ တကယ်တော့၂၀၁၅ ခုနှစ်က သဘောတူညီထားခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေး စီမံကိန်းသဘောတူညီချက်ရဲ့ အစိတ်အပိုင်းငယ်တခုသာ ဖြစ်ပါတယ်။ဒီလို ၃ နှစ်တောင်ကြာအောင် ညှိနှိုင်းခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ မြန်မာက တရုတ်မှာအကြွှေးသံသရာလည်ရင်း အကျိုးမဲ့ ဖြစ်လေမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပဲဖြစ်ပါတယ်။ ဒါဖြင့်အခုသဘောတူညီပြီးခဲ့သမျှအစိတ်အပိုင်းငယ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာရော အကြွေးပိပြီးအခက်ကြုံရမယ်ဆိုတဲ့ စိုးရိမ်စရာ မျိုးမရှိတော့ဘူးလား။ အမေရိကန် အခြေစိုက် Stimson သုတေသနအဖွဲ့ Center ရဲ့ တရုတ်ရေးရာ ပူးတွဲ ညွှန်ကြားရေးမှူး Yun Sun က အခုလိုသုံးသပ်ပါတယ်။
"ရေနက်ဆိပ်ကမ်းရဲ့ စုစုပေါင်းပမာဏက ဒေါ်လာ ၇.၂ ဘီလီယံရှိပါတယ်။ မြန်မာအစိုးရက ၃၀ ရာခိုင်နှုန်း စိုက်မယ်ဆိုရင် ဒေါ်လာ ၂ ဘီလီယံရင်းနှီးမြှုပ်နှံရပါမယ်။ အဲဒီထဲမှာ ၃၀ ရာခိုင်နှုန်းကနေ တဝက် ၁၅ ရာခိုင်နှုန်းကို မြန်မာဘက်က စိုက်တဲ့မြေအတွက် သတ်မှတ်ပြီးတော့ ကျန်တဲ့၁၅ ရာခိုင်နှုန်း ဒေါ်လာ ၁ ဘီလီယံ ကျန်ပါသေးတယ်။ မြန်မာအတွက် သိပ်များတဲ့ပမာဏပါ။ ဒါကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ပထမအဆင့်ကိုပဲ လောလောဆည်လုပ်မယ်လို့ မြန်မာဘက်က စဉ်းစားလာတာဖြစ်ပါလိမ့်မယ်။ ဆိုတော့ နောက်ဆုံး ၇.၂ ဘီလီယံ စီမံကိန်းဖြစ်လာမလားဆိုတာ ကျမတို့ မသိသေးပါဘူး။ အခုလောလောဆည် စုစုပေါင်းပမာဏက ဒေါ်လာ ၁.၃ ဘီလီယံပဲရှိသေးတော့ မြန်မာဘက်က တာဝန်ယူရမယ့် ပမာဏနည်းပါသေးတယ်။ ဒါပေမယ့် စုစုပေါင်းပမာဏ ဒေါ်လာ ၇.၂ ဘီလီယံ ဆက်လုပ်မယ်ဆိုရင် မြန်မာဘက်က ဘဏ္ဍာရေးဝန်ထုတ်ဝန်ပိုးအင်မတန်ကြီးမားလာနိုင်ပါတယ်။
ဒါအပြင် တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေအပေါ် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုအများဆုံးရှိနေတယ်လို့ သူကပြောပါတယ်။
"သဘာဝပတ်ဝန်းကျင်၊ လူနေမှု ပတ်ဝန်းကျင် ထိခိုက်လာမလား ဒီ စီမံကိန်းက အလုပ်အကိုင်တွေရော ဖန်တီးလာနိုင်မလား။ ဒေသခံတွေအလုပ်ခန့်ဦးတော့ အလုပ်ကိုင်အခြေအနေတွေ ဆက်ဆံရေးအခြေအနေတွေအဆင်ပြေပါ့မလားဆိုတာတွေ ဒေသခံတွေ စိုးရိမ်နေတာပါ။ ဒေသခံတွေ စိုးရိမ်တဲ့အပြင် ပြည်ပက လေ့လာသူတွေလည်း စောင့်ကြည့်ကြမှာဖြစ်ပါတယ်။
ပြီးတော့ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုကို စိုးရမ်တဲ့ စိုးရိမ်မှုကို တရုတ်တို့ လုပ်ချင်တဲ့ မြစ်ဆုံစီမံကိန်းကို မြန်မာပြည်သူတွေတရပ်လုံး ကန့်ကွက် ဆန့်ကျင်ခဲ့တဲ့ အဓိကအကြောင်းအရင်းလည်းဖြစ်ပါတယ်။ ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မြန်မာဘက်က သဘောတူ ခဲ့တာကိုက မြစ်ဆုံစီမံကိန်းကို တရုတ်တွေ ဆက်မလုပ်ရအောင် လမ်းလွဲပေးလိုက်တာဖြစ်တယ်လို့ တောင်မှ တချို့သုံးသပ်ကြတာပါ။
ဒါဖြင့်ရင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အစရပြီဆိုတော့ တရုတ်ကကြေနပ်သွားပြီး မြစ်ဆုံစီမံကိန်းကို လုံး၀ ပစ်ပယ်လိုက်စရာရှိပါသလား။ Yun Sun က အခုလိုသုံးသပ်ပါတယ်။
" မြစ်ဆုံမှာရင်းနှီးမြုပ်နှံထားတဲ့ တရုတ်ကုမ္ပဏီက သူတို့သုံးထားပြီးတဲ့ငွေတွေကို မေ့လိမ့်မယ်လို့ မထင်ပါဘူး။ အခုတရုတ်အစိုးရက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို သိပ်ပြီးတော့ အလေးထားလာတော့ မြစ်ဆုံကိစ္စကို နောက်တမ်းပို့ထားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝပစ်ပယ်လိုက်တာမဟုတ်ပါဘူး။ ၂ ဖက်အစိုးရတွေက မြစ်ဆုံကို လုံးဝဆက်မလုပ်တော့ဘူး အခုအကုန်ခံထားပြီးတဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စကိုလည်း ဖြေရှင်းပြီးပြီလို့ မပြောနိုင်သေးသမျှ ဒီ မြစ်ဆုံစီမံကိန်းက ဆက်ရှိနေလိမ့်မယ်လို့ ပြောချင်ပါတယ်။"
အခုမူဘောင်သဘောတူညီချက်ဟာ မူလစီစဉ်ခဲ့တဲ့ ဒေါ်လာ ၇.၂ ဘီလီယံတန်ဖိုးရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်တခုလုံးရဲ့ ကနဦး ပထမခြေလှမ်းသာဖြစ်ပါတယ်။ စီမံကိန်တခုလုံးကိုဆက်ပြီး အကောင်အထည်ဖော်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကရှိနေသေးတော့ ကြွေးမြီပြဿနာ၊ ဒေသခံတွေရဲ့ ယုံကြည်မှု ပြဿနာတွေအပြင် ဆက်သွယ်ရေးလမ်းကြောင်း တလျောက်မှာ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြဿနာတွေ နိုင်ငံတကာ ဆက်ဆံရေးမှာ ဘယ်လိုဘေးရိုက်ခတ်နိုင်သလဲ ၊ မြန်မာ့မဟာဗျူဟာအခြေအနေ စသဖြင့် ထည့်သွင်းစဉ်းစားစရာတွေလည်းအများကြီးရှိနေဦးမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5