Kosovo ဝန်ကြီးချုပ် Ramush Haradinaj ဟာ The Hague မြို့စစ်ရာဇဝတ်မှု တရားရုံးကနေ သံသယရှိသူအဖြစ် ဆင့်ခေါ်ခြင်း ခံရပြီး သောကြာနေ့မှာ ရုတ်တရက် ရာထူးက နုတ်ထွက်သွားပါတယ်။ ဒါကြောင့် Kosovo မှာ ရွေးကောက်ပွဲ အလျင်အမြန် ကျင်းပစရာ ဖြစ်လာနိုင်ပြီး အိမ်နီးချင်း ဆာဗီးယားနဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမယ့် အလားအလာကိုလည်း ဂယက် ရိုက်ခတ်နိုင်ပါတယ်။
Haradinaj က သူ့ကို တရာရုံးရှေ့မှောက် နောက်သီတင်းပတ်ထဲ လာရောက်ဖို့ ဆင့်ခေါ်တာဟာ ဝန်ကြီးချုပ်အနေနဲ့ ဖြစ်စေ၊ သာမန်ပြည်သူ တယောက် အနေနဲ့ဖြစ်စေ သွားရောက်နိုင်မှာ ဖြစ်တဲ့အတွက် သူကတော့ သာမန်ပြည်သူအနေနဲ့ သွားရောက်ထွက်ဆိုမယ်လို့ ပြောပါတယ်။
သူ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ကြောင်း Pristina မြို့ အစိုးရအစည်းအဝေးမှာ ပြောကြားတဲ့အခါ တုန်လှုပ်ခြောက်ခြားဟန် ရှိနေပြီး သူ့ကိုယုံကြည် ထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို ဆွေးနွေးရမယ့် တာဝန်ဟာ သမ္မတအပေါ်မှာ တာဝန်ရှိကြောင်း ပြောကြား သွားပါတယ်။
The Hague မြို့အခြေစိုက် တရားရုံးဟာ ၁၉၉၈-၉၉ Kosovo စစ်ပွဲကာလ ကျူးလွန်ခဲ့တဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ကြားနာတဲ့ တရားရုံးဖြစ်ပါတယ်။ ၂၀၁၇ ကိုဆိုဗို ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းထားတဲ့ ကိုဆိုဗို အထူးခုံရုံးနဲ့ အထူးအကျိုးဆောင် ဥပဒေရုံးတို့ဟာ နိုင်ငံတကာဥပဒေ ချိုးဖေါက်တယ်လို့ သံသယ ရှိသူတွေကို နိုင်ငံရဲ့ပြင်ပမှာ ခေါ်ယူစစ်ဆေးခွင့် ရရှိထားတာဖြစ်ပါတယ်။
Haradinaj ကတော့ ဒါဟာ ကိုဆိုဗိုအတွက် နိုင်ငံရေးအားဖြင့် အကျိုးယုတ်စေမှာ ဖြစ်ပေမယ့် သူကတော့ တရားဥပဒေအရ မေတ္တာရပ်ခံမှုကို လေးစားပြီး ကိုဆိုဗိုအတွက် တိုက်ပွဲဝင်ခဲ့သူ တယောက်အဖြစ် သွားရောက်ခုခံချေပမယ်လို့ သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။
Your browser doesn’t support HTML5