ကိုးကန့် ထိန်းချုပ်ကုန်းတွေကို အစိုးရတပ် ထိုးစစ်ဆင်

စစ်ရေးပြင်ဆင်နေတဲ့ ကိုးကန့် တပ်ဖွဲ့ဝင်များ။

ရှမ်းပြည်အရှေ့ဖက်ခြမ်း ရှင်ကုတ်ထန်ဒေသက ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့အဓိက အခြေစိုက်စခန်းတခုကို ဒီကနေ့မှာလည်း မြန်မာ့ တပ်မတော်ကအကြီးအကျယ် ထိုးစစ် ဆင်နေပါတယ်။ တရုတ်မြန်မာနယ်စပ်က ကျေးရွာတွေမှာတော့ အိမ်တိုင်း လိုလို တရုတ်နိုင်ငံ အလံကို တင်ထားကြ တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်နယ် လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက် တရုတ်နယ်စပ်မျဉ်းနဲ့ ၂မိုင်ကျော်သာဝေးတဲ့ ရှင်ထုန်တထန်ဒေသက ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အခြေစိုက် စခန်းနဲ့ ကုန်းကြမ်းဒေသနားက ကိုးကန့် တပ်ဖွဲ့တွေ ကို မြန်မာ့တပ်မတော်က ဒီကနေ့မှာလည်း စစ်ရှိန်မြှင့်ပီး ထိုးစစ် ဆင်နေတာပါ။ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ ရာနဲ့ချီတဲ့ မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာဖြစ်ကြောင်း MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ ဟို ခုတ်ထန်ဖက်လဲဖြစ်တယ်။ မနက်ကနေ ခုထက်ထိပါပဲ။ နောက်ပီးတော့ ကုန်းကြမ်းနား လောက်ကွာကျိုင်း ပတ်ဝန်းကျင်လဲ ဖြစ်ပါတယ်။ အဲဒါလဲ မနက်ကနေ ခုထက်ထိပါပဲ။ ဒီနေ့ အဲဒီ ၂နေရာလုံး လေယာဉ်သုံးလာတာတွေ့ရတယ်။ ခုတ်ထန်ကျတော့ နယ်စပ်မျဉ်းနဲ့ ၃.၅ ကီလိုမီတာလောက် ရှိမယ်။ ဟိုဖက် အပေါ်ဖက်ကတော့ ၁၀ ကီလိုမီတာလောက် ရှိမယ်။ တရက်ထက် တရက် ပြင်းထန်လာတယ်ဗျ။ ကျနော်တို့ဖက်က ကျဆုံးနည်းမယ် ဒါပေမယ့် ဒဏ်ရာရတာတော့ နည်းနည်းလေးများတယ်ဗျ။ ဟို ပြီးခဲ့တဲ့ တပတ်နဲ့စာရင်။ တဖက်ကတော့ ကျတာလဲများမယ် ဒဏ်ရာရတာလဲ များတယ်။ “

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး မြန်မာအစိုးရ သတင်းတွေမှာ ဖေါ်ပြရာမှာတော့ ပါစင်ကျော်မြို့နဲ့ ရှင်ခုတ်ထန်ကြားက ကိုးကန့်စစ်စခန်းတောင်ကုန်း တချို့ကို အစိုးရတပ်က သိမ်းပိုက်နိုင် ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့တပ်စခန်းတွေ မကျသေးပဲ ခုခံနေ ဆဲပဲလို့ MNDAA ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ငြင်းပါတယ်။

“ အဲဒါ ကျနော်တို့ နေနေတဲ့စခန်းပါ။ အခုထက်ထိ အဲဒီမှာ ရှိနေတုန်းပါ။ ကျနော်တို့စခန်းကို သူတို့က ထိုးစစ်ဆင်နေတာခင်ဗျ ။ အဲဒါကြောင့်မို့ သူတို့ ကျတာနဲ့ဒဏ်ရာရတာ ပိုများတာပါ။ အဲဒါကြောင့် ခုထက်ထိ လက်နက်ကြီးနဲ့ အရင်ပစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ဟို ကြည်းတပ်ထိုးတယ်ပေါ့ ။ ကြည်းတပ်ထိုးပြီးတော့ လေယာဉ်နဲ့ပြန်လာပြီးတော့ ဗုံးကြဲတယ်။ ပြီးတော့ စက်သေနတ်နဲ့ ပစ်တယ်။ ပြီးတော့ ကြည်းတပ်ပြန်ထိုး အဲလိုပါပဲ။"


လက်ရှိစစ်ပွဲတွေကြောင့် အဲဒီနေရာဝန်းကျင်က ဒေသခံတွေ စစ်ရှောင်တိမ်းနေရပြီး အများစုက တရုတ်နယ်စပ်ဖက်ကို ဒုက္ခသည်အဖြစ် ထွက် ပြေးခဲ့ကြသလို တချို့လဲ လားရှိုးမြို့တဝိုက် ခိုလှုံနေကြတာပါ။ တရုတ်မြန်မာနယ်စပ်နဲ့နီးတဲ့ မူဆယ်မြို့ခံတဦးကတော့ သူတို့မြို့က လုံခြုံရေး အနေအထားကို ပြောပြပါတယ်။

“ အခုဒီ နယ်စပ်တလျှောက်၊ လားရှိုးကွတ်ခိုင် တလျှောက်လုံး လောလောဆယ် ညဆိုရင် မာရှယ်လောတွေရှိတယ်။ ညမထွက်ရ ဆိုတဲ့ ဟာတွေပေါ့နော်။ ဒီမူဆယ်မြို့မှာ ဟိုတလောတုန်းကတော့ ည ၁၀နာရီ မထွက်ရပေါ့နော်။ နမ့်တောင်း ဒီဖက်မှာလည်း ညဆိုရင် မထွက် ရဘူး ဆိုတဲ့အခြေနေတွေရှိတယ်။ အဲဒီ ဟိုဟာပေါ့နော် မသွားရဘူးဆိုတဲ့ နယ်မြေမှာ သွားပြီးမှ ဗုံးတက်နင်းမိတဲ့ အကိုကြီး တယောက်လဲ ရှိတယ်။ သူက ခြေထောက်နည်းနည်းထိသွားတယ်။ သေတော့ မသေဘူး။ ရုံးမှာတော့ စစ်ဆေးရေးတွေရှိတယ်။ အဲဒီဟိုဟာပေါ့နော်။ အမတို့ ဒီ မူဆယ်ရဲ့ညဈေးထိပ်မှာဆိုရင် ညတိုင်းက စစ်သားတွေ ရဲတွေစောင့်တဲ့ အခြေအနေတွေရှိတယ်။ ဟိုတလောတုန်းကဆိုလဲ သူတို့ ၉နာရီ နောက်ပိုင်း မထွက်နဲ့ဆိုတဲ့အချိန်မှာ အပြင်မှာတွေ့တဲ့သူ တော်တော်များများကိုလဲ သူတို့ ဖမ်းတဲ့ အဲလိုမျိုးတွေ ကြားနေရတာပေါ့။ “

တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်မြန်မာနယ်စပ် တလျှောက်က ကျေးရွာတွေမှာတော့ အိမ်တိုင်းနီးပါးက တရုတ်နိုင်ငံရဲ့ အလံ နီတွေ ထောင်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရှောင်ပြေးလာကြတဲ့ ကိုးကန့်ဒေသ ဒုက္ခသည်အများစုဟာ အခုချိန်ထိ သူတို့ နေအိမ်တွေကို မပြန်နိုင်ကြသေးပါဘူး။ တရုတ်နယ်စပ်ကိုရောက်လာတဲ့ ကိုးကန့်ဒေသခံအမျိုးသမီးတဦးက သူတို့စိုးရိမ်မှုကို တရုတ်ဘာသာနဲ့ ပြောပါတယ်။

"လက်နက်ကြီး ပစ်ခတ်သံတွေ တိတ်ဆိတ်သွားပြီ ဆိုရင်တော့ မြန်မာနိုင်ငံဖက်ကို ကျမတို့ အမြန်ပြန်ချင်ပါတယ်။ ကျမတို့ရဲ့ ခြံဝင်းအတွင်းက သီးနှံ စားပင်တွေ အသားစားတိရစ္ဆာန်တွေကို ပြန်ယူပြီး ဒီနယ်စပ်ကို ပြန်ပြေးလာချင်ပါတယ် ။

ဖေဖေါ်ဝါရီလ အစပိုင်းက ဖြစ်လာခဲ့တဲ့ ကိုးကန့်ဒေသစစ်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်ဖက် ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း အနည်းဆုံး ၆သောင်းကျော် ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။