ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဒီကနေ့စနေနေ့ မနက်အစောပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီး Nane နဲ့ သားသမီးတွေဖြစ်ကြတဲ့ Ama, Kojo နဲ့ Nina တို့လည်း အနားမှာ ရှိနေခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ Kofi Annan ဟာ ၁၉၃၈ ခုနှစ်မှာ Ghana နိုင်ငံမှာ မွေးဖွါးခဲ့တာပါ။ ၁၉၉၇ ခုနှစ် ဇန္နဝါရီလကနေ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် အတွင်းရေးမှူးချုပ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သူ Mr. Annan ဟာ ကုလသမဂ္ဂမှာ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ဘူးသူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၀၁ ခုနှစ် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်း ဖြစ်ပြီး သူ့ရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး ဆောင်ရွက်မှုတွေကြောင့် ကမ္ဘာက လေးစားခဲ့သူပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်အပြီးမှာ Mr. Annan ဟာ Kofin Annan Foundation ဥက္ကဌအဖြစ်နဲ့ရော တောင်အာဖရိကသမ္မတဟောင်း Nelson Mandela တည်ထောင်တဲ့ The Elders အဖွဲ့ ဥက္ကအဖြစ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ပါသေးတယ်။

Mr. Annan ကွယ်လွန်တဲ့အတွက် ကုလအတွင်းရေးမှုးချုပ် Antonio Guterres ကလည်း Kofi Annan ဟာ ကမ္ဘာကြီးသာယာလှပဖို့ စွမ်းဆောင်သူဖြစ်တာကြောင့် ကမ္ဘာသူကမ္ဘာသားတွေနဲ့ အတူ ဝမ်းနည်းကြေကွဲမိပါတယ်လို့ တွိတာမှာရေးသားပါတယ်။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာလည်း ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ အလံကို တိုင်တဝက်လွှင့်ထူပါတယ်။

အနောက်အာဖရိကနိုင်ငံ ဂါနာ သမ္မတ Nana Akufo-Addo ကလည်း ကမ္ဘာ့ထိပ်တန်း သံတမန်တဦးဖြစ်လာတဲ့ Mr. Annan ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝှမ်း သီတင်းတပတ်ကြာ အလံတွေကို တိုင်တဝက် လွှင့်ထူသွားမယ်လို့ ပြောပါတယ်။

Mr. Annan ဟာ ၂၀၁၆ စက်တင်ဘာလမှာ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်ဦးရွက်ပြုသူလည်းဖြစ်ပါတယ်။