ကွယ်လွန်သူ Mr. Kofi Annan ကို မြန်မာခေါင်းဆောင် အမှတ်တရဂုဏ်ပြု

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်Kofi Annan နှင့် နိုင်ငံတော်အတိုင်ပင်ခံ (၂၀၁၇)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါက်တာ Kofi Annan ဟာ သြဂုတ်လ ၁၈ ရက် စနေနေ့မှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့တဲ့ အတွက် ကမ္ဘာတဝှမ်း ဝမ်းနဲပူဆွေးနေကြချိန်မှာပဲ မြန်မာနိုင်ငံအတွက် ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန် ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူနိုင်ငံ မူဝါဒဆိုင်ရာ ဟောပြောပွဲမှာ မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အင်္ဂါနေ့က စင်္ကာပူ အရှေ့တောင်အာရှ လေ့လာရေး သုတေသနဌာန ISEAS ကကြီးမှုး ကျင်းပတဲ့ ၄၃ ကြိမ်မြောက် Singapore Lecture မူဝါဒရေးရာဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်မှုများနှင့် ရှေ့လမ်းခရီး” ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရာမှာ အခြေခံ အကျဆုံးအဖြစ် လိုအပ်တဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တက်လာပြီး ၂ လအကြာမှာ ရခိုင်ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေးရှိအောင် လုပ်ဆောင်ဖို့ စတင်ခဲ့တာ ဖြစ်ပြီး ဒီနေရာမှာ ရခိုင်အတွက် ရေရှည်တည်တံ့မယ့် အဖြေရှာရေး အကြံပေးမယ့် ကော်မရှင်တရပ်ကို ဦးဆောင်ပေးဖို့ သူပန်ကြားခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန် ဟာ မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ ဒေါက်တာ ကိုဖီအာနန်ကို ဂုဏ်ပြု မှတ်တမ်းတင်စကား ပြောကြားခဲ့တာပါ။

“ဒီအကြောင်းကို ကျမ ပြောကြားချိန်မှာ ဒေါက်တာ ကိုဖီအာနန်ကို ဂါရဝပြု မှတ်တမ်းတင်ပါရစေ။ သူ့ရဲ့ အရည်အချင်းတွေ၊ အောင်မြင်မှုတွေဟာ သိပ်ကို အဖိုးတန်ပါတယ်။ ဒါပေမယ့် ဒါတွေ အားလုံးထက် သူဟာ ကျမတို့အတွက် ဘယ်လောက် တန်ဖိုးရှိခဲ့တယ် ဆိုတာကိုပဲ ကျမ ဒီနေရာမှာ ဦးစားပေးပြီး ပြောပြပါရစေ။ ကျမတို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အစိတ်အပိုင်း တခု အနေနဲ့ သူပါဝင် ညှိနှိုင်းပေးခဲ့တာပါ။ ရခိုင်ပြည်နယ်ရဲ့ နက်ရှိုင်းတဲ့ ပြဿနာ အတွက် ဘယ်လိုအဖြေရှာ ရမယ်ဆိုတာ ကျမတို့ကို အကြံပေးရမယ့် တာဝန်ကို သူယူဖို့ သဘောတူခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အပြုသဘောဆောင်တဲ့ ပင်ကိုယ်သဘာဝ အတိုင်း လုပ်ဆောင်တာ တခုပါ။ သူဟာ ကျမတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေး၊ လုံခြုံရေးနဲ့ နိုင်ငံတိုးတက်ရေးတွေ အတွက် အောင်မြင်စေချင်သူပါ။”

ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအဝိုင်း ၂ ခုကြား နှစ်နဲ့ချီ တည်ရှိလာတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် နည်းလမ်းရှာနေတဲ့ မြန်မာ အစိုးရက ရခိုင်အရေး အကြံပေး ကော်မရှင်ကို ၂၀၁၆ သြဂုတ်လမှာ ဖွဲ့စည်းဖို့ စီစဉ်ရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံခြားသား ၃ ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တနှစ်အတွင်း အစီရင်ခံတင်ပြဖို့ ဖြစ်ပါတယ်။

မစ္စတာ ကိုဖီအာနန်ဟာ မြန်မာနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းစဉ် တရပ်အဖြစ် လုပ်ဆောင်နေတဲ့ ရခိုင်အရေးအတွက် မဆုတ်မနစ် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မှတ်တမ်းတင်ပါတယ်။

"ဒေါက်တာ အာနန်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကနေ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် နေကြချိန်မှာတောင် ကျမတို့ကို ကူညီဖို့ သူဆုံးဖြတ်ထားတဲ့ အတိုင်း အကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ ကြင်နာမှု၊ ရိုးသား ဖြောင့်မှန်မှုနဲ့ သတ္တိရှိမှုတွေကို သူ့ရဲ့ ရခိုင်အရေး အကြံပေးကော်မရှင်က အကြံပေးချက်တွေကနေ ပြသနေသလို ဒါဟာ ကျမတို့ နိုင်ငံရဲ့ စိန်ခေါ်မှုတွေ အတွက် သူ့ရဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံနဲ့ ဉာဏ်ပညာ ကြီးမြင့်မှုတွေက ထင်ဟပ်နေတာပါ။ ပြဿနာရပ်အပေါ် သူ့ရဲ့ ချဉ်းကပ်မှုဟာ အပြုသဘောဆောင်ပြီး ဂရုတစိုက်ရှိလှပါတယ်။ သူ့မှာ တာဝန်တွေ သိပ်များပြီး မအားတဲ့ကြားက အချိန်ပေးပြီး ကျမကို မကြာခဏ ဆိုသလို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အကူညီပေးတာနဲ့ ပြောတာတွေကို နားထောင်ပြီး အားပေးကူညီခဲ့သူပါ။"

ရခိုင်အရေး အကြံပေးကော်မရှင်ဟာ ၂၀၁၇ သြဂုတ်လ မှာ အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဒီအစီရင်ခံစာပါ အကြံပေးချက်တွေအတိုင်း မြန်မာနိုင်ငံက ဆက်လက် ဆောင်ရွက်နေပေမယ့် စိန်ခေါ်မှုတွေက သိပ်ကြီးမားများပြားတဲ့ အတွက် သက်ရောက်မှုတွေ ရှိနေတယ်လို့လည်းပြောပါတယ်။

"ဒေါက်တာ ကိုဖီအာနန်ရဲ့ အကြံပေးချက် ၈၈ ချက်ထဲက ဒီကနေ့အထိ ကျမတို့ အကောင်ထည်ဖေါ်နိုင်ခဲ့တာက ၈၁ ခု ရှိပြီဖြစ်ပြီး ဒါတွေဟာ ရခိုင်ပြည်နယ်မှာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တွေ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေက ဘက်ပေါင်းစုံမှာ ရှိနေသလို လုပ်ဆောင်စရာတွေကလည်း အများကြီး ရှိနေပါသေးတယ်။ ဒါတွေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကြား ၂ နိုင်ငံ လက်မှတ်ရေးထိုး သဘောတူညီချက်နဲ့ အညီ ဘင်္ဂလားဒေ့ရှ်ဘက် အိုးအိမ်ရွှေ့ပြောင်းကြသူတွေကို ပြန်လည် နေရာချထားရေးမှာ သက်ရောက်မှုတွေ ရှိနေပါတယ်။"

မစ္စတာ ကိုဖီအာနန်ရဲ့ အကြံပေး လုပ်ဆောင်မှုတွေထဲမှာ ထူးခြားတဲ့လုပ်ရပ်က ရခိုင်အတွေ့အကြုံအတွက် သင်ခန်းစာယူဖို့ ဖြစ်ပြီး ဒါဟာ ရခိုင်ပြည်နယ် ရေရှည်ငြိမ်းချမ်း တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်။

"လူထု ပါဝင်လှုပ်ရှားဖို့ သူနောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ အစီအစဉ် တခုကတော့ ဒီနှစ်ဆန်းမှာ ရခိုင်အရေး သင်ခန်းစာယူစရာများ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲ ပါ။ သူ့ဘဝ သင်ခန်းစာတွေကို လေ့လာတာဟာ ကျမတို့ အားလုံး အတွက် အကျိုးရှိစေမယ့် အလုပ်ပါ။ သူဟာ လူ့ဘဝ တန်ဖိုးနဲ့ အနှစ်သာရတွေ အတွက် စံနမူနာကောင်း တခုပါ။ ဒီတန်ဖိုးတွေဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အနှစ်သာရနဲ့ တန်ဖိုးတွေ ဖြစ်ပြီး ဒီတန်ဖိုးတွေဟာ ကျမတို့ ကမ္ဘာကြီး တခုလုံး အတွက် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝ ချမ်းသာရေး ရှိလာစေမယ့် မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။

နယူးရောက်က ကုလသမဂ္ဂ ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှာ ကွယ်လွန်သူ ဒေါက်တာ ကိုဖီအာနန် အတွက် အောက်မေ့ဖွယ် အမှတ်တရ ဂုဏ်ပြုပွဲကျင်းပမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကွယ်လွန်သူ Mr. Kofi Annan ကို မြန်မာခေါင်းဆောင် အမှတ်တရဂုဏ်ပြု