[[Zawgyi/Unicode]]
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ KNU တပ်မဟာ (၆) ထိန်းချုပ်ရာနေရာက သတ္ထုမိုင်းအပေါ် စစ်ကောင်စီက နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၁ နာရီကျော်အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသားတချို့နဲ့ မြန်မာအလုပ်သမားတွေ စုစုပေါင်း ၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်မအေးအေးမာက အပြည့်အစုံ တင်ပြပေးပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ KNU ထိန်းချုပ်ရာ နယ်မြေမှာ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကိုလုပ်နေတဲ့ သပြုသတ္ထုမိုင်းကိုစစ်ကောင်စီက မနက် ၁ နာရီကျော်အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီမိုင်းဟာ KNU နဲ့ဆက်စပ်ပြီးလုပ်နေတဲ့ သတ္ထုမိုင်းဖြစ်ပါတယ်။ ဒီမနက်မှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားတချို့နဲ့ မြန်မာအလုပ်သမားတွေ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက အခုလိုပြောပြပါတယ်။
“တိုက်လေယာဉ် ၂ စီးနဲ့ဗုံးကြဲတာပေါ့။ ၁ နာရီကျော်ကျော်လောက်မှာပေါ့။ အဲဒါလုပ်ကွက်အမှတ် (၆) လုပ်ကွက်ပါ။ KNU က အဲဒီမှာ မိုင်းဌာနရှိတယ်။ သတ္ထုမိုင်းဌာနနဲ့ တရုတ်ကိုယ်စားလှယ်တွေပေါင်းလုပ်တာ။ ဗုံးကြဲတော့ တရုတ်လူမျိုး ၃ ယောက်သေတယ်။ ကျနော်တို့မြန်မာပြည်သားက ၈ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းတော့ အသက်မရှင်နိုင်ဘူး။ ဆေးရုံကိုတော့ အသက်ရှင်နိုင်မယ့်သူတွေကို ပို့တယ်။ သုံးဆူဆေးရုံကိုခေါ်လာတယ်။ ဒဏ်ရာကအပြင်းအထန်ရတယ်လေ ၄ ယောက် သေသွားပြီပြောတယ်။”
သေဆုံးသူတွေနဲ့ပတ်သက်လို့ အရေအတွက်အတိအကျကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ဒီသတ္ထုမိုင်းတွင်းဟာ KNU နဲ့ဆက်စပ်လုပ်နေတဲ့မိုင်းတွင်းဖြစ်တယ်ဆိုတာကိုတော့ KNU က အတည်မပြုသေးပေမဲ့ ဒီနေ့ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ KNU စစ်သားတွေ လာရောက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီသတ္ထုမိုင်းကိုလုံခြုံရေးအရ တိုက်ခိုက်ခဲ့တာဆိုပြီးပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ လုံခြုံရေးအရ ဒီဟာတွေကို တရားမဝင် လုပ်ကိုင်ပြီးတော့ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် ကျနော်တို့က လုံခြုံရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ခုနပြောတဲ့ နိုင်ငံခြားသားတွေသေတယ်လို့ သတင်းတွေတက်လာတယ်။ ကျနော်တို့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ရှိခဲ့ရင်လည်းတရားမဝင်လုပ်ငန်းတွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ တရားမဝင် နေထိုင်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ အစိုးရကနေလုပ်ကိုင်နေတဲ့သတ္ထုတူးဖော်ခြင်းလုပ်ငန်းမရှိဘူးလို့ပြောချင်ပါတယ်။ အရင်ကတော့ရှိခဲ့ပါတယ်။ ၂၀၁၆ မတိုင်ခင်တုန်းကတော့ ရှိခဲ့ဖူးပါတယ်။”
သပြု သတ္ထုမိုင်းတွင်းကနေ ခနောက်စိမ်းနဲ့ခဲသတ္ထုများတူးဖော်နေတာဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး သူတို့နဲ့ပူးပေါင်းလုပ်ဆောင်တာမရှိတော့ကြောင်း စစ်ကောင်စီဘက် ကပြောပါတယ်။ သပြုသတ္ထုမိုင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့တော့ KNU ဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူးရှင်။
Your browser doesn’t support HTML5
===================
[[Zawgyi/Unicode]]