ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး တိုက်ပွဲပြင်းထန်

လေးကေ့ကော်အနီး မေတ္တာလင်းမြိုင် တိုက်ပွဲမြင်ကွင်း။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - Kahsaw Wah)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မေတ္တာလင်းမြိုင်နဲ့ မဲ့ထော်သလေး နေရာကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်များ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ခိုလှုံနေတဲ့ မြန်မာဘုန်းတော်ကြီးတကျောင်းပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပြီး အသက် ၆၀ အရွယ် စစ်ဘေးရှောင်တဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်ထဲက လွှတ်တော်အမတ် ၂ ဦး အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ကရင်ပြည်နယ်အတွင်း ကေအန်ယူတပ်တွေဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) နဲ့ ကရင်ပြည်နယ်တွင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စတဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။

လေးကေ့ကော်မြို့သစ်အပြင် အနီးနားက မဲ့ထော်သလေးနေရာကို တပ်စွဲ နေရာယူလာတဲ့ စစ်ကောင်စီတပ်တွေကို ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်လာပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲမှာတော့ နှစ်ဖက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က မြန်မာဘုန်းတော်ကြီးကျောင်းကို ကျခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံ စစ်ဘေးရှောင်တဦးကို ထိမှန်သွားလို့ ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ Medical Team မှာ တာဝန်ယူထားတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“လောလောဆယ် ဒီနေ့အခြေအနေကတော့ မေတ္တာလင်းမြိုင်ကုန်းဘက်ကို ကျနော်တို့ဘက်က တက်သိမ်းနေပြီ။ အရင်ဦးဆုံး ဒီဘက်ကနေ စရင် လေးကေ့ကော်ရှိတယ်၊ ပြီးတော့ ပဟိကလော်၊ ပြီးတော့ မဲ့ထော်သလေး၊ အဲဒါပြီးမှ မေတ္တာလင်းမြိုင်၊ အဲဒါဆိုတော့ မြဝတီနဲ့ အရမ်းကပ်သွားပြီ။ အဲဒီနေရာကို EAO ဘက်က တက်သိမ်းနေတဲ့ အနေအထားပါ။ အခုနာရီဝက် အတွင်းမှာပဲ ဆက်တိုက်ပစ်နေပါတယ်။ သူတို့ဘက်ကပစ်တဲ့ အမြောက်ဆန်ကြောင့် မြန်မာဘုန်တော်ကြီးကျောင်းကို ကျလို့ ဒေသခံတယောက်တော့ ဒဏ်ရာရထားတယ်။ ခုနပဲ အသည်းအသန် ပြေးပြီး ကယ်ထုတ်ရတယ်။ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသားတဦးပါ။”

SEE ALSO: လေးကေ့ကော်ဒေသ ပစ်ခတ်မှုရှိပြီး စစ်ရေးတင်းမာနေဆဲ

လက်ရှိအချိန်ထိ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နဲ့ မဲ့ထော်သလေးဆိုတဲ့ နေရာကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ လေးကေ့ကော်မြို့သစ် နေရာကို စစ်ကောင်စီတပ်တွေက ဆုတ်ခွာသွားပြီး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပေမယ့် မေတ္တာလင်းမြိုင်နဲ့ ကျောက်လုံးကြီးနေရာကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ပြန်လို့ မရသေးပါဘူး။

ဒီကနေ့မှာပဲ စစ်ဘေးရှောင်ထဲကတဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဘက်က နယ်ခြားစောင့် BGF တပ်တွေက ပူးပေါင်းပြီး တိုက်နေသလို ဒီဘက်မှာလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်နေကြပါတယ်။ ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ တိုက်ပွဲလုပ်တော့မှာဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တော့မှာမို့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဘားအံ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းအထိ ပြည်သူတွေ စစ်ရေးသတိနဲ့သာ သွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီက စစ်အာဏာသိမ်းလိုက်ပြီးကတည်းက စတင်ဖွဲ့စည်းထားတာဖြစ်ပြီး NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ ကေအန်ယူနယ်မြေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေကို မလုပ်ခဲ့ပါဘူး။ အခုအခါမှတော့ လေးကေ့ကော် ဖြစ်စဉ်ကြောင့် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေနဲ့အတူ ကရင်ပြည်နယ်အတွင်းမှာ ပူးပေါင်းတိုက်နေတာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး တိုက်ပွဲပြင်းထန်

------------------------

(Unicode)






SEE ALSO: လေးကေ့ကော်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၈၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေး


