မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်ကြားက ကျုံအိတ်တံတား မေလ ၁၁ ရက်နေ့မနက်က မိုင်းခွဲခံရပါတယ်။ အဲဒီဖြစ်စဥ်နောက်မှာ စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် အဝန်းကြီးကျေးရွာမှာလက်နက်ကြီးတွေကျပြီး ဒေသခံရွာသား ၂ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာတွေလည်းရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်ကြားက ကျုံအိတ်တံတား မေလ ၁၁ ရက်နေ့မနက် ၃ နာရီကျော်က မိုင်းခွဲခံရပါတယ်။ မနက် ၆ နာရီကျော်လောက်မှာတော့ စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ကျေးရွာတွေရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အဝန်းကြီးကျေးရွာကို လက်နက်ကြီး ကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီအတွက် အသက် ၄၁ အရွယ် စောဇော်မင်းထွန်းနဲ့ နော်မြတ်သိန်းတို့ဇနီးမောင်နှံ သေဆုံးသွားခဲ့သလို ကလေးသူငယ်တွေပါအဝင် လူ ၄ ဦးလည်း ဒဏ်ရာတွေရခဲ့တာပါ။ စစ်ကောင်စီအနေနဲ့ တိုက်ပွဲတွေဖြစ်တိုင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က ပြောပါတယ်။
"သူတို့က Target ပုံမှန်မရှိဘူး။ အဓိကတော့ အရပ်သားတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာက ပုံမှန်လိုဖြစ်နေပါတယ်။"
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာအသီးသီးမှာလည်း တိုက်ပွဲတွေဖြစ်နေသလို တိုက်ပွဲတွေကြောင့် ဒေသခံတွေ သိန်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပါတယ်လို့လည်း ပြောပါတယ်။
"တိုက်ပွဲတွေကတော့ တပ်မဟာ (၁) မွန်ပြည်နယ် ဘီးလင်းဘက်မှာရှိတယ်။တပ်မဟာ (၃) ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာရှိတယ်။ တပ်မဟာ (၄) မှာရှိတယ်။ တပ်မဟာ (၂) တောင်ငူခရိုင်မှာရှိတယ်။ တပ်မဟာ (၆) မှာရှိတယ်။ လတ်တလောမှာလည်း မြဝတီနားထိ တိုက်ပွဲတွေပြင်းထန်နေတယ်။ ဒီအတွက် ရွာသားတွေက အိမ်တွေမှာ သိပ်မနေရဲတော့ဘူး။"
အခု လက်နက်ကြီးဒဏ်ခံနေရတဲ့ အဝန်းကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ သထုံခရိုင်အတွင်းမှာရှိပြီး ဒေသခံတွေသေဆုံးတာ၊ အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရတာ၊ အိမ်တွေပျက်စီးကုန်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အခုလတ်တလောမှာ မွန်ပြည်နယ် ဘီးလင်း၊ သထုံ စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ကျုံအိတ်တံတားမိုင်းခွဲခံရတာဟာ KNLA/PDF တွေရဲ့လက်ချက်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်ရှင်။
Your browser doesn’t support HTML5