[[Zawgyi/Unicode]]
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ခဲသတ္တုမိုင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို KNU ပူးပေါင်းတပ်တွေဘက်ကလည်း ဒီနေ့မှာ ဘုရားသုံးဆူဒေသ စစ်ကောင်စီအုပ်ချုပ်ရေးရှိရာ စုပေါင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက စစ်ရေးသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ် မက္ကသာကျေးရွာ အနီးက အမှတ် (၆) ခဲသတ္တုမိုင်းတွင်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက်နေ့ မနက်အစောမှာ စတုတ္ထအကြိမ် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ မိုင်းတွင်းမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးများလည်း ပျက်စီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။ ဒါဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းထိ တလအတွင်း ၄ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အသံ(၁)
“အမှတ် (၆) မက္ကသာမိုင်းပေါ့။ ကျနော်တို့နားပေါ့။ မက္ကသာ အမှတ် (၆) မိုင်းပါ။ အလုပ်သမားတွေထိတာပါ။ စစ်သားတွေမထိပါဘူး။ အလုပ်သမားတွေပဲနေတော့ အလုပ်သမားပဲထိတယ်။ အဆောက်အဦးတွေအကုန်လည်းထိတယ်။ ဒါက စတုတ္ထအကြိမ်လေ။ တတိယအကြိမ်က အမှတ် (၂) မိုင်းကွင်းလေ။ အဲဒီမှာက အရပ်သားပဲထိခိုက်တယ်။ သေတာတော့မရှိဘူး။ အဆောက်အဦးတွေပဲ ထိခိုက်တယ်။ အမှတ် (၆) က နည်းနည်းဝေးတယ်။ ၂ ရက် ၃ ရက်အတွင်းမှာပဲ အမှတ် (၂) နဲ့အမှတ် (၆) ကို ထိတယ်။”
နိုဝင်ဘာလ ၁၆ ရက်နေ့ ပထမအကြိမ်တိုက်ခိုက်ခဲ့တုန်းကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒါဟာတရားမဝင် မိုင်းတွေဖြစ်ပြီး ဒီသတ္တုမိုင်းကို လုံခြုံရေးအရ တိုက်ခိုက်ခဲ့တာဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီမှာအလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားသုံးဦး ထိမှန် သေဆုံးခဲ့ပါတယ်။ အခုလို ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့အပြီးမှာတော့ ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဒီနေ့မှာ စစ်တပ်၊ ရဲ နဲ့ ပြည်သူ့စစ်တွေထိုင်တဲ့ စုပေါင်းရုံးကိုတိုက်ခိုက်ခဲ့တယ်လို့လည်းဒေသခံကပြောပါတယ်။
“ဘုရားသုံးဆူမြို့ထဲမှာပဲ စစ်တပ်ရဲ့စုပေါင်းရုံးကိုမိုင်းသွားခွဲတယ်။ စုပေါင်းရုံးဆိုတာ ရဲတို့၊ ပြည်သူ့စစ်တို့၊ စစ်တပ်တို့ထိုင်တဲ့စုပေါင်းရုံးကို အဲဒီရုံးကို မိုင်းသွားခွဲတာ။ ထိခိုက်မှု ပမာဏတော့မသိရသေးဘူး။ ဗုံးခွဲထားတာ။”
ဘုရားသုံးဆူဒေသက ကေအန်ယူ ထိန်းချုပ်ထားတဲ့မိုင်းကွင်းတွေကို စစ်ကောင်စီက နိုဝင်ဘာလ ၁၆ နေက တကြိမ် လေကြောင်းကနေ တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံသားတွေအပြင် မြန်မာအလုပ်သမားတွေလည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှာလည်း ထပ်မံတိုက်ခိုက်ခဲ့သလို ဒီရက်ပိုင်းမှာလည်း ဆက်တိုက် တိုက်ခိုက်လာခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး အဆောက်အဦးတွေလည်း ပျက်စီးခဲ့ပါတယ်။
အခု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာတွေမှာ ခနောက်စိမ်းနဲ့ခဲသတ္တုတွေတူးဖော်နေတာဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်ကတည်းက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဒီနောက်မှာတော့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး သူတို့နဲ့ပူးပေါင်းလုပ်ဆောင်တာမရှိတော့ကြောင်း စစ်ကောင်စီဘက်က ပြောပါတယ်။
စစ်ကောင်စီရဲ့စုပေါင်းရုံး ဒီကနေ့ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ကတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5
========================
[[Unicode]]