[[Zawgyi/Unicode]]
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မနေ့က တောင်ကလေးကျေးရွာရဲစခန်း တိုက်ပွဲအပြီးမှာပဲ စစ်ကောင်စီဘက်က လေယာဉ် ၄ စင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ရွာခံတွေ ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့လည်း ပြောပါတယ်။ တောင်ကလေးကျေးရွာ အပါအဝင် အနီးအနားက ကျေးရွာ ၇ ရွာလောက် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ အကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
တောင်ကလေး ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၂၁ ရက် မနေ့ မနက် ၅ နာရီကျော် လောက်က ဝင်ရောက် တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအပြီးမှာပဲ စစ်ကောင်စီဘက်က တောင်ကလေးနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို ရဟတ်ယာဉ် ၄ စင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သလို၊ ဘုန်းကြီးကျောင်းတွေ နေအိမ်တွေလည်း အတော်များများ ပျက်စီးသွားတယ်လို့ တောင်ကလေးရွာခံ တဦးက ဗွီအိုအေက ပြောပါတယ်။
“တချို့ထိတဲ့အိမ် ထိတယ်။ တချို့အိမ်ကတော့ သွပ်ပါတယ်။ အများကြီးပဲပေါ့နော်။ နေအိမ်ထိတဲ့အိမ်ကထိ၊ တိတိကျကျတော့ မသိဘူးရှင့်။ ဘုန်းကြီးကျောင်းလည်း ထိသလောက်ထိတယ်။ ဒဏ်ရာရတဲ့လူ အတိအကျတော့ ညီမ မသိဘူး။ သေသွားတဲ့လူ ညီမ တိတိကျကျသိတာ ၃ ယောက်ပေါ့နော်၊ ပြည်သူတွေက ၃ ယောက်သေသွားတာပေါ့နော်။ လုံခြုံကတော့ မလုံခြုံတော့ဘူးပေါ့။ သူက ဘယ်အချိန်မှာ ဘယ်လိုတွေလာပစ်မလဲဆိုတော့ မသိဘူးလေ။ ပြီးတော့ သူတို့က အဲ့စစ်ကောင်စီဘက်က တအားရမ်းပစ်တာ။ ဟုတ်လား မဟုတ်လားမသိ၊ အကုန်ပတ်ပစ်တော့ ဘယ်လိုမှမလုံခြုံတော့ဘူး။ အဲ့လိုဖြစ်သွားတာပေါ့။ တော်တော် စိုးရိမ်နေကြတာပါ။ လက်နက်အသံကြားတာနဲ့ကို ကြောက်ပြီ။”
မနက် ၆ နာရီကနေ နေ့ခင်း ၁ နာရီ်လောက်အထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ လေကြောင်းကနေ ဆက်တိုက် ပစ်ခတ်နေခဲ့တာလို့လည်း တောင်ကလေးရွာခံက ပြောပါတယ်။ အရပ်သား စစ်သားမခွဲခြားဘဲ ပစ်ခတ်နေတာလို့လည်း သူက ပြောပါတယ်။
“လေယာဉ်လာပြီးတော့ အဲ့မှာ ပစ်တာပေါ့၊ ဘယ်သူ့ကို ပစ်တာတော့ မသိဘူး။ ပစ်တယ်၊ တော်တော်ကြီးပစ်တာ။ ရွာထဲမှာပဲပေါ့ လုံးဝမထွက်ရဘူး။ အဲ့လေယာဉ်က ဆိုင်ကယ်တစီးထွက်သွားရင် အဲ့ဆိုင်ကယ် တန်းပစ်တာ။ သူက ဘယ်လိုပြောမလဲ၊ လှုပ်ရှားမှုမှန်သမျှကို ပစ်နေတာလေ။”
မနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လှကဇိုင်းရွာခံ တဦးကလည်း ခုလို ပြောပြပါတယ်။
“ပြေးချိန်မရဘူး။ လုံးဝကို ပြေးချိန်မရဘူး။ လုံးဝ ဆက်တိုက်ကျလာတာ သေနတ်တွေရော အမြောက်တွေရော ပါလာကြတော့လေ။ ပြေးချိန်မရဘူး။ လုံးဝ ထွက်လို့မရဘူး။ ဆက်တိုက်ပဲ ဗုံးနဲ့ကြဲသွားတာ။ တော်တော်ကြာကြာပဲ နေ့လည် ၁ နာရီလောက်မှပြီးသွားတာ။ နေ့လယ်ဘက် ၁ နာရီလောက်မှ နည်းနည်းငြိမ်သွားကြတယ်။ ငြိမ်သွားတော့ အဲ့ချိန်လောက်မှ စပြီး ပြောင်းကြတယ်။ ပြေးရတယ်၊ ဖနုံဘက်တို့၊ တောင်ကလေးတို့၊ ကြံတောတို့၊ မီးသွေးကုန်းတို့ စစ်ဘေးရှောင်ရတယ်။”
ဒီတိုက်ခိုက်မှုတွေကြောင့် တောင်ကလေးကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာလောက်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကလေးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့တွေ မနေ့ကဖြစ်တဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦး ကျဆုံးပြီး သေနတ် ၈ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNLA ဘက်က ပြောဆိုတဲ့အကြောင်း တိုင်းရင်းသတင်းတွေက ဖော်ပြကြပြီး ဗွီအိုအေအနေနဲ့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
Your browser doesn’t support HTML5
===============
[[Unicode]]