ညောင်လေးပင်ခရိုင် စစ်ပြေးဒုက္ခသည်ဦးရေ ၅ သောင်းဝန်းကျင်ထိ တိုးလာ 

( Photo- KNU ကျောက်ကြီးမြို့နယ်)

[[Zawgyi/Unicode]]

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲမှာ စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်ဦးရေဟာ အခုဆိုရင် ၅ သောင်းလောက် ရှိသွားပြီလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလောက် တိုက်ပွဲ မပြင်းထန်တော့ပေမဲ့ နှစ်ဘက်တင်းမာမှုတွေက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စိုးရိမ်နေကြတဲ့အကြောင်း စစ်ဘေးဒုက္ခသည်တချို့က ဗွီအိုအေ ကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဒီလ နိုဝင်ဘာလ ၁၂ ရက်ကစပြီး တကျော့ပြန်ဖြစ်လာတဲ့ ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၅ သောင်းလောက်အထိ ရှိလာတယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိလည်း ဒီအရေအတွက်အတိုင်းပဲရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ မြို့ပေါ်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အစားအစာနဲ့ နေထိုင်ရေးအတွက် ကူညီလှူဒါန်းပေးသူတွေ ရှိပေမဲ့ ကျေးရွာတွေဘက်မှာတော့ အကူအညီတွေလိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည် အကူအညီပေးရေး အဖွဲ့တခုရဲ့တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ဟိုဘက် သည်ဘက်ကတော့ ready လိုပုံစံမျိုးပေါ့၊ ရွာတွေမှာလည်း လက်နက်ကြီးတွေ ဆင်ထားတဲ့အနေအထားရှိတယ်၊ ဒါပေမဲ့ ထပ်ပြီးတော့ ဖြစ်နေတဲ့ အသံတော့ မကြားတော့ဘူး။ စဖြစ်ပြီးကတည်းကလေ။ ပုံမှန်ကတော့ တိုက်ပွဲရပ်သွားတယ်ဆိုရင် စစ်ရှောင်တွေက နည်းသွားတာပေါ့။ ဒါပေမဲ့ အခုက (တိုက်ပွဲက) ရပ်သလိုလို မရပ်သလိုလိုဆိုတော့ စစ်ရှောင်တွေက ပြန်သလို မပြန်သလို အဲလိုဖြစ်နေတာပေါ့။ အဲဒီအရေအတွက် အတိုင်းပါပဲ။ ဘုန်းကြီးကျောင်းတွေမှာ ရှိနေသေးတယ်။"

ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေးပင်၊ တောင်ငူ စတဲ့ မြို့တွေမှာ စစ်ဘေးဒုက္ခသည်တွေ အများအပြားရှိနေပြီး ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲမှာ တိုက်ပွဲဖြစ်တာ မကြားရပေမဲ့ အပြည့်အဝ မလုံခြုံသေးကြောင်း ရွှေကျင်မြို့က စစ်ရှောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အခုအခြေအနေအထိတော့ သူတို့ရောက်တဲ့နေရာမှာပဲ နေကြတယ်။ ပြီးတော့ သူတို့ရွာရဲ့သတင်းကို သူတို့ နားထောင်နေတာပေါ့နော်။ ပြန်နေချင်တာတို့ ဘာတို့ အဲလိုမျိုးတော့ရှိတယ်၊ ဒါပေမဲ့ သူတို့အတွက် လုံခြုံမှုမရှိသေးတော့ မပြန်သေးဘူးပေါ့ နော့။"

ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ လေကြောင်းကနေ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၂ ရက်နေ့ တရက်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်လောက် ရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၅ ခုက ဒေသခံတွေ ထွက်ပြေးနေရပြီး နေအိမ် သုံးလုံး၊ ဓမ္မာရုံတလုံး၊ ဆေးရုံတခု ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်ကတော့ တစုံတရာ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ နိုဝင်ဘာလ ၂၀ ရက်နေ့ ကတော့ ရွှေကျင်-ကျောက်ကြီး ချောင်းကူးတံတား ပေါက်ကွဲမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားပြီး PDF အမည်ခံ အကြမ်းဖက် သမားတွေက မိုင်းခွဲ ဖျက်ဆီးခဲ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ညောင်လေးပင်ခရိုင် စစ်ပြေးဒုက္ခသည်ဦးရေ ၅ သောင်းဝန်းကျင်ထိ တိုးလာ .mp3

===============

[[Unicode]]







