{{Zawgyi/Unicode}}
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ယာယီတပ်စခန်းတခုကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ခဲ့တာလို့ KNDF ဘက်ကပြောပါတယ်။ တိုက်ပွဲအတွင်း KNDF အဖွဲ့ဝင် လေးယောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ပွဲအပါအဝင် ကယားပြည်နယ်ရဲ့ စစ်ရေးအခြေအနေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ရွာဘက်မှာ စခန်းချနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ယာယီတပ်စခန်းကို စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်လာတာကြောင့် ဒီမနက်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ခေါင်းဆောင်တဦးက ပြောပါတယ်။
"ဒီးမော့ဆိုက ၆ မိုင်(ကျေးရွာအုပ်စု) ဟိုဖိတ်ရွာမှာ တိုက်ပွဲဖြစ်တာဗျ။ မနက် ၆ နာရီကတည်းက တိုက်ပွဲစဖြစ် တာ။ စစ်ကောင်စီက အဲဒီနားမှာရှိတဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းမှာတပ်စွဲဖို့ ဆင်းလာတဲ့အချိန်မှာ ကျနော်တို့တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာဗျ။"
စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်တဲ့အတွက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၂ ဘက်လုံး ထိခိုက်မှုတွေရှိတယ်လို့လည်း ပြောပါတယ်။
"အခုချိန်သိသလောက်ကတော့ ကျနော်တို့ဘက်မှာ (၆) ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတယ်ခင်ဗျ။ တပ်ဘက်ကတော့ ကျနော်တို့သိတာ ကိုယ်တွေ့ တွေ့တာကတော့ (၂) ယောက်လောက် ထမ်းပြေးလာတာတော့ရှိတယ်။ ဒါပေမဲ့ သေလား မသေလားဆိုတာ မသိဘူး။ နောက် (၁၀) ယောက် (၁၂) ယောက်ကတော့ စစ်တပ်ဘက်က ဒဏ်ရာရတယ်လို့ ကျနော်တို့ တွေ့ရတယ်ဗျ။"
ဒီးမော့ဆိုမြို့နယ်ဘက် ဒီမနက်ဖြစ်တဲ့တိုက်ပွဲမှာ (KNDF) ဘက်က (၄) ဦးကျဆုံးပြီး စစ်ကောင်စီတပ်မှ လေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က ညနေပိုင်းမှာ ထုတ်ပြန် ထားပါတယ်။ စစ်တပ်ဘက်က သေဆုံးတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ KNDF ယာယီတပ်စခန်း အလစ်အငိုက်တိုက်ခိုက်ခံရမှုအတွင်း KNDF ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူမှုအဖွဲ့အစည်း တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
"(၄) ယောက်ကျသွားတယ်။ ကျသွားတယ်လို့လည်း သတင်းအတိကျရတယ်နော်။ အဲဒီ ရွာသားတွေ ထွက်ပြေးရတယ်။ (၆) မိုင်ရွာမှာတော့မကျန်ဘူး။ ခုထိ အိမ်ပြန်မရောက်သေးဘူး။”
စစ်တပ်နဲ့ KNDF အဖဲ့ွကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်တဲ့နားမှာရှိတဲ့ ၆ မိုင်ရွာက ကျေးရွာသား (၇) ဦးကို စစ်ကောင်စီတပ်ကနေ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လည်ပိုင်းမှာပြန်လွှတ်ပေးခဲ့တယ်လို့လည်းKNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၆ မိုင်နဲ့ ဟိုဖိတ်ရွာဘက်ကို တိုက်ပွဲဖြစ်နေစဉ်မှာရော တိုက်ပွဲပြီးတဲ့နောက်မှာပါ စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။ ဒီးမော့ဆိုမြို့နယ်ဘက်တိုက်ပွဲဖြစ်ပွါးတဲ့အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက ကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
နိုဝင်ဘာလ ၂၄ ရက်နေ့က လွိုင်ကော်မြို့နယ် ၊ နိုးကိုးကျေးရွာအုပ်စု၊ ဆော်ခီးဒေါကျေးရွာနဲ့ ဒေါလိုရှေးကျေးရွာအကြားမှာရှိတဲ့ လျှပ်စစ်တာဝါတိုင် ၂ ခုဖျက်စီးခံရပြီးနောက် ဒီနေ့ နိုဝင် ဘာ ၂၅ ရက် မနက်ပိုင်းမှာ KNDF အဖွဲ့ရဲ့စခန်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ KNDF ခေါင်းဆောင်တဦးကတော့ မြန်မာစစ်တပ်အသုံးပြုတဲ့ လျှပ်စစ်တာဝါတိုင်ကို ဖျက်တာလို့ ပြောပါတယ်။
"စစ်ကောင်စီတွေအသုံးပြုများတဲ့တာဝါတိုင်ကိုဖျက်စီးလိုက်တာပိုများတယ်ပေါ့လေ။ ဖျက်စီးလိုက်တာ ပိုပြီးတော့ရှိတာပေါ့။ ရိုးရိုးသာမန်လူထုတွေ အသုံးပြုတဲ့ဟာဆိုရင်တော့ ဖျက်စီးလိုက်တာမရှိပါဘူးလေ။"
ဖျက်စီးခံရတဲ့ လျှပ်စစ် တာဝါတိုင် ၂ ခုဟာ လောပိတ အမှတ်(၁) လျှပ်စစ်ဓာတ်အားစက်ရုံ ကနေ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေဆီကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ တာဝါတိုင်တွေဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်ထဲက နေရာသုံးနေရာမှာ စစ်ကောင်စီတပ်နဲ့ KNDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
စစ်ကောင်စီတပ်ကနေ လွိုင်ကော်နဲ့ ဒီးမော့ဆိုကြား ကျေးရွာတွေဘက်ကို မကြာခဏ ထိုးစစ် ဆင် တိုက်ခိုက်နေတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခန တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
===============
{{Unicode}}
ဒီးမော့ဆိုမှာ စဈတပျနဲ့ ဒသေခံကာကှယျရေးအဖှဲ့တှကွေား တိုကျပှဲဖွဈ
===============