ဖားကန့်တိုက်ခိုက်မှု သေဆုံးအတည်ပြုစာရင်း ထုတ်ပြန်ဖို့ KIO ပြင်ဆင်

KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့သီတင်းပတ်က ဖားကန့်ဒေသမှာ မြန်မာစစ်တပ်လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက် အတည်ပြုချက်တွေ မကြာခင်ထုတ်ပြန်မယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO က ပြောပါတယ်။ ဒဏ်ရာပြင်းထန်သူတွေနဲ့ နောက်ထပ်သေဆုံးမှုတွေရှိနေတဲ့အတွက် အတည်ပြုစာရင်းကို စိစစ်နေတာကြောင့် နောက်ဆုံးအတည်ပြုချက် ချက်ချင်းမထုတ်နိုင်တာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်က KIA တပ်စခန်းကို တိုက်ခိုက်တာဖြစ်တယ်လို့ပြောထားပြီး သေဆုံးခဲ့သူအားလုံးနီးပါးဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့က စစ်အရာရှိတွေ ဖြစ်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ထွက်နေတဲ့အပေါ်မှာလည်း မဟုတ်မှန်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံက ငြင်းပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့သူတွေ စာရင်းကို ထုတ်ပြန်ဖို့ ပြင်ဆင်နေပြီး မနက်ဖြန်လောက်မှာ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကချင်လွတ်လပ်ရေး KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ် မှူးကြီးနော်ဘူ က VOA ကိုပြောပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့နေရာဟာ KIA ကချင်လွတ်လပ်ရေးအဖွဲ့ စစ်ရေးလှုပ်ရှားရာ နယ်မြေဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာ သေဆုံးခဲ့သူ အားလုံးနီးပါး KIO ကချင်လွတ်လပ်ရေးအဖွဲ့ စစ်အရာရှိတွေ ဖြစ်ကြောင်း KIO ဘက်က ပေါက်ကြားလာတဲ့ ကြေးနန်းစာ စာရင်းအဖြစ် နာမည်တွေ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

KIO ဘက်ကတော့ တိုခိုက်ခံရတဲ့နေရာဟာ တပ်စခန်းတခု မဟုတ်ဘဲ ခရီးသွားသူတွေ ခေတ္တ အနားယူတဲ့နေရာဖြစ်တဲ့အကြောင်း တုံ့ပြန်ထားသလို လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ သေဆုံးသူစာရင်းဟာလည်း သတင်းမှားတွေ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ဒါက စစ်ကောင်စီဘက်က၊ ရန်သူဘက်က တင်ထားတဲ့စာရင်းပဲ ဖြစ်ပါတယ်။ ဒါက ကြေးနန်းစာအတုနဲ့လုပ်ထားတာ။ မှန်ကန်မှု မရှိဘူး။ မနက်ဖြန်တော့ သိလောက်ပါတယ်။ အခု နောက်ထပ် ပြန်သေတာလည်း ရှိလို့လေ။”

ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေပိုင်းအထိ စာရင်းတွေအရ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရရာသူ ၅၀ ကျော်တဲ့အကြောင်း KIO ဘက်က အစောပိုင်း ပြောထားပါတယ်။ အခုအချိန်အထိ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေ၊ သေဆုံးသူတွေ ရှိနေပြီး စောင့်ကြည့်နေရတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ သေဆုံးသူတွေအတွက် ပြန်တမ်းသဘောမျိုး ထုတ်ပြန်ပို့ ပြင်ဆင်နေတဲ့အကြောင်းလည်း သူက ပြောပါတယ်။

“အခုလည်း လူနာတွေတော့ စောင့်နေတုန်းပဲ ရှိသေးတယ်။ ညနေပိုင်း သူတို့အကြောင်းကြားလာတာကတော့ တယောက်ကတော့ နည်းနည်းဆိုးနေတယ်လို့ အကြောင်းကြားလာတာ ရှိပါတယ်။ ဒါပေမယ့်အားလုံး အတည်ပြုတဲ့နောက်ပိုင်းမှာကတော့ ကျနော်ထင်တာပေါ့လေ လုပ်ထုံးလုပ်နည်းအပိုင်းကတော့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်မယ်လို့ထင်ပါတယ်။ ဘယ်လိုပြောမှာလဲ၊ ပြန်တမ်းပေါ့။ အဲဟာတော့ လုပ်မယ်လို့ထင်ပါတယ်။ အခုတော့မရသေးဘူး။”

လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် KIO အမှုထမ်းတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ၊ အရပ်သားတွေ သေဆုံးခဲ့တဲ့အကြောင်း KIO ဘက်ကပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ဒါကိုငြင်းဆိုပါတယ်။ KIA ဘက်က သူတို့စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် တန်ပြန်တိုက်တာဆိုပြီးတော့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ဘာသာရေးအသင်းအဖွဲ့တွေ၊ နာရေးကူညီမှုအသင်းတွေသွားဖို့ ကြိုးစားနေပေမယ့် မြန်မာစစ်တပ်ဘက်က လမ်းတွေ ပိတ်ထားတာကြောင့် ဝင်လို့မရသေးဘူးလို့ ဒေသခံတွေ က ပြောဆိုနေပါတယ်။
ကချင်ဒေသ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားကို အလေးမထားကြောင်း ပြသတဲ့ လုပ်ရပ်အဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ ဥရောပသမဂ္ဂသံရုံးနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံသံရုံး ၁၆ ခုတို့က ပူးတွဲကြေညာချက် ထုတ်ပြန် ဝေဖန်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကတော့ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု၊ ကရင်ပြည်နယ်အတွင်း တိုက်ခိုက်မှုနဲ့ ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ထောက်ပြပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်း ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကြပ်အတည်း ပိုပြီး ဆိုးဝါးသွားနိင်တဲ့အကြောင်းနဲ့ အထူးစိုးရိမ်တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဖားကန့်တိုက်ခိုက်မှု သေဆုံးအတည်ပြုစာရင်း ထုတ်ပြန်ဖို့ KIO ပြင်ဆင်.mp3

==============

[[Unicode]]










