Kim Jong Un နဲ့ Donald Trump တွေ့ဆုံဖို့ အချိန်နဲ့နေရာ သတ်မှတ်ပြီး

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးအစည်းအဝေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ Air Force One လေယာဉ် ပေါ်မှာ သတင်းထောက်တွေက သမ္မတကို ဖိပြီး မေးကြပေမဲ့လည်း သမ္မတDonald Trump က အသေးစိတ်တွေကို ပြောမသွားပါဘူး။

“သိပ်မကြာခင်မှာ ဖြစ်ပါလိမ့်မယ်၊ ရက်သတ်မှတ်ပြီးပါပြီ၊ နေရာသတ်မှတ်ပြီးပါပြီ၊ အားလုံး သဘောတူပြီးပါပြီ” လို့ပဲ သမ္မတ ထရမ့်ပ်က ပြောပါတယ်။

သမိုင်းဝင် ဒီထိပ်သီးအစည်းအဝေးလုပ်မယ့် နေရာနဲ့ ရက်ကို မြောက်ကိုရီးယားအာဏာပိုင်တွေနဲ့ အတည်ပြုထားပြီးပြီဆိုတာမျိုးပဲ သမ္မတက ရည်ညွှန်းပြောဆိုတာပါ။ တက္ကဆက်စ်ပြည်နယ်၊ Dallas မြို့ကို တရက်ကြာခရီးအသွား Air Force လေယာဉ်ပေါ်မှာ အဲဒီလိုပြောတာဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရနှစ်ရပ်ကြား မပြတ် ဆက်သွယ် ပြောဆိုနေပြီးတော့ မြောက်ကိုရီးယားကဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားသုံးယောက်ကို ပြန်လွှတ်ပေးရေးကိစ္စလည်း ဆွေးနွေးတဲ့ထဲမှာပါတယ်လို့ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ သမ္မတထရမ့်ပ်က ပြောပါတယ်။

အဖမ်းခံထားရသူသုံးဦးကတော့ မြောက်ကိုရီးယားက တခုတည်းသော ပုဂ္ဂလိကတက္ကသိုလ် ပြုံယမ်း သိပ္ပံနဲ့နည်းပညာတက္ကသိုလ် မှာ စာသင်ခဲ့ကြတဲ့ Tony Kim နဲ့ Kim Hak-Song ၊ မြောက်ကိုရီးယားအရှေ့ဘက်စွန်း Rason မြို့မှာ အဖမ်းခံခဲ့ရတဲ့ Kim Dong-Chul တို့ဖြစ်ပါတယ်။ သူတို့သုံးဦးစလုံး အစောဆုံး ဒီကနေ့စနေနေ့လောက်မှာ လွတ်လာဖို့ ခန့်မှန်းထားတယ်လို့ တောင်ကိုရီး ယား သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆိုးလ်အခြေစိုက် ယွန်ဟပ်ပ်သတင်းဌာနက ရေးထားပါတယ်။

Your browser doesn’t support HTML5

Kim Jong Un နဲ့ Donald Trump တွေ့ဆုံဖို့ အချိန်နဲ့နေရာ သတ်မှတ်ပြီး