မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကို တင်ဆက်ဖို့ အချိန်ရောက်ပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီးက လက်ယက်ကုန်း တွဲဖက်အလယ်တန်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ လေးလကြာမြင့်ခဲ့ပါပြီ။ သားဖြစ်သူ ဇင်ကိုဦးအပါအဝင် ကျောင်းသူကျောင်းသား ခြောက်ယောက်နဲ့ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ရပ်ကို မိဘတွေအနေနဲ့ ဖြေသိမ့်လို့ မရနိုင်ကြသေးသလို၊ ကမ္ဘာကြီးအနေနဲ့ လျစ်လျူပြုမထားဖို့ ဦးဌေးညွန့်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင် တင်ဆက်မယ့် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ အပြည့်အစုံ နားဆင်ကြရအောင်ပါ။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက တွဲဖက်အလယ်တန်း စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဇန်နဝါရီလ (၁၆)ရက်နေ့ဆိုရင် လေးလပြည့်ခဲ့ပါပြီ။ ရဟတ်ယာဉ်တွေပေါ်ကနေ ကျောင်းကို တရစပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေထဲ (၇) တန်း ကျောင်းသား ဇင်ကိုဦးရဲ့ဖခင် ဦးဌေးညွန့်က ဗွီအိုအေကို အခုလို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
"ယူကြုံမရ ဖြစ်ရတာက ဘာမှမကျွေးရ မမွေးလိုက်ရဘဲ၊ တခါတည်းသေသွားတယ်။ သူ့ရွာမှာလည်း သေနတ်ကြောက်လို့ မပြုရဲ၊ ကူးတိုခလေးထည့်ပြီး ဘာမှမကျွေးနိုင်တော့၊ ဆွမ်းတော်တင် အမျှတမ်းဝေ အကြောင်းပြုပြီး လှူလိုက်တယ်။"
ပြင်းထန်လှတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ရေဦးဆေးရုံရောက်ပြီ နောက်တနေ့မှာ သေဆုံးခဲ့တဲ့ သားဖြစ်သူရဲ့အလောင်းကို စစ်တပ်က ပြန်ပြီး သယ်ခွင့် မပေးတဲ့အပြင်၊ သူတို့ဘာသာသူတို့ သဂြိုလ်လိုက်တဲ့အကြောင်း ဦးဌေးညွန့်က ပြောပြသွားတာပါ။ ခေတ်ပျက်နေချိန် စစ်တပ်က အချိန်မရွေး ဝင်ရောက်ပစ်ခတ်နိုင်တဲ့ အခြေအနေကြောင့် ကျောင်းဆက်မတက်ချင်ကြောင်း (၇) တန်းကျောင်းသား ဖိုးသားလေး (ခေါ်) ဇင်ကိုဦးက ဖခင် ဦးဌေးညွန့်ကို ပြောပြခဲ့တာပါ။
"ကျနော်တို့က တက်စေချင်ပေမယ့်၊ သူက မတက်ချင်ဘူး။ မတက်ချင်တဲ့အခါကြတော့ -- အဘရာ ခေတ်ပျက်နေချိန်မှာ သူတို့လာပစ်ရင် သေမယ်ပြောတော့။ ငါ့သားရာ ပညာရေးရှိမှာ လုပ်ကိုင်စားသောက်ဖို့ .. လူနေမှုအတွက် ကာယဉာဏ ရှိဖို့ဆိုတော့ မိဘအတွက် ငွေရှာတာ။"
စက်တင်ဘာလ (၁၆) ရက်နေ့မှာ စစ်တပ်က ရဟတ်ယာဉ် နှစ်စင်းနဲ့ ဝေဟင်ကနေ တနာရီကျော်ကြာပစ်ခတ်ခဲ့တဲ့အပြင် မြေပြင်ကနေလည်း လေးဘက်လေးတန်ပိတ်ပြီး နာရီပေါင်းများစွာကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကို ပြောပြကြပါတယ်။ အသတ်မသေပဲ လွတ်မြောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မျက်မြင်ပြောပြချက်တွေအရ ဇင်ကိုဦးကို ကျည်ဆံတွေထိမှန်ခဲ့တဲ့အခြေအနေကိုလည်း ဦးဌေးညွန့်က အခုလိုပြောပြပါတယ်။
"အထက်က သွပ်ဖောက်။ သွပ်ကနေ ဖောက်ပြီးတော့ ကျောင်းကြမ်းဖောက်၊ ကျောင်းကြမ်းကနေ ကုတင်ဖောက်တယ်။ သူ့သားချင်းလေး၊ သူ့တူမလေးတွေကို လက်နဲ့အုပ်ထားတယ်။ ခေါင်းကိုနောက်ကမှန်ပြီး ခြေထောက်ကိုမှန်တယ်။ အဲဒီနေ့ သူတို့ ရေဦးကို တင်သွားတယ်။ ကလေးတွေကလည်း အသားဖတ်တွေ အကုန်လွှင့်ပြီးတော့ ကလေးခြောက်ယောက်ကလည်း အသားဖတ်တွေ စင်ကုန်တယ်။ ကလေးတွေအကုန်လုံး တခါတည်းသေတာ။ ကျနော့်သားတယောက်ပဲ ရေဦးရောက်မှ သေတာ။ အဲဒီမှာ သူတို့က အလောင်းကိုလည်း အသယ်မခံဘူး။ ကလေးတွေကိုလည်း အကယ်မခံဘူူး။ တိုင်းရင်းဆေးခန်းအထိကို အကုန်လုံးယူသွားကြတာ။ တိုင်းရင်းကို ကျနော်က လိုက်ပြီးတော့ ဗိုလ်ကြီးကနေ ဖုန်းနံပါတ်တွေကို လိုက်ကြည့်တာ။ အလောင်းလည်း မြင်ရတယ်။ အဲဒီကနေ ဆေးရုံကြီးကို ရင်ခွဲရုံတင်ပြီးတော့မှ မီးသဂြိုလ်တာ။ ကျနော့်သားက နောက်ရက် ရှစ်နာရီမတ်တင်းမှ သေတာ။ ညနေ ရှစ်နာရီမှ သေတာ။ ပြာတော့သဂြိုလ်ခိုင်းတယ်။ ကျနော်က လိပ်ပြာခေါ်ပြီးတော့ ကူးတိုခ ငါးထောင်ထည့်ပြီးတော့ သဂြိုလ်ခပေးပြီးတော့ ရုပ်ကလာပ်လေး လိုချင်တယ်လို့ ဆရာဝန်ကို သွားဆက်တော့၊ ဆရာဝန်က စစ်ဗိုလ်အမိန့်ဆိုတော့ မပေးရဲတော့ ကျနော် ငိုပြန်လာခဲ့တယ်။ မင်းတို့ခေတ်ကလည်း အပုပ်ကောင် ငုက်ပျောတုံး လက်ပံတုံးတောင်မှ အယူမခံတော့ ရာထူးရာခံတွေ ပြမနေပါနဲ့။ ဒါတွေက မတရားပါဘူး။ လူလူချင်း ရက်စက်လွန်လှပါတယ်ဆိုကာ ငိုပြန်လာခဲ့ရတယ်။"
ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ လက်ယက်ကုန်း တွဲဖက်အလယ်တန်းကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက် ၃၅၀ ကျော်လောက်ရှိပြီး ဆရာ၊ ဆရာမပေါင်း ၂၀ ပတ်ဝန်းကျင်လောက်ရှိပါတယ်။
"ကိုယ်ထူကိုယ်ထနဲ့ ကျနော်တို့လည်း သမီးပျိုလည်း ဆယ်တန်းအောင်တော့ ဝိုင်းပြီးတော့ ပညာဒါနပြုပြီးတော့ သင်ကြတာ။ ကလေးတွေ အတန်းနောက်ကျမှာဆိုလို့။ အချိန်အတွင်းမှာ ကိုယ်တတ်ထားတာလေးတွေကို ထိန်းသိမ်းသင်ကြပါစို့ဆိုပြီး ရွာကခေါင်းဆောင်တွေ အဲဒီလို လုပ်ကြတာ။ ဒါပေမဲ့ နာမည်မပေါက်သေးဘူး။"
ဒီကျောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့စက်တင်ဘာလ (၂၁) ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားရာမှာ - အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘဲ၊ KIA အမည်ခံ အကြမ်းဖက်သောင်းကျန်သူတွေနဲ့ ဒေသခံ PDF တွေကို ပြန်ပြီးချေမှုန်းတာဖြစ်ကြောင်း ပြောသွားပါတယ်။ တကယ်တမ်းဖြစ်စဉ်မှာ ဘယ်အဖွဲ့နဲ့မှ အပြန်အလှန်ပစ်ခတ်တာမရှိပဲ စစ်တပ်ဘက်ကပဲ တရစပ်ပစ်ခတ်ခဲ့တဲ့အပြင် အခြားစစ်ရဟတ်ယာဉ်တွေနဲ့ သယ်လာတဲ့ စစ်သားတွေကလည်း ရွာထဲဝင်ပြီး ပစ်ခတ်ကြတဲ့အတွက် ဘေးလွတ်ရာ ကြောက်လန့်တကြား ထွက်ပြေးပုန်းအောင်းကြရတဲ့ အခြေအနေကို ဦးဌေးညွန့်က အခုလိုပြောပါတယ်။
"စစ်တပ်က မီးဗုံးချပြီး တောင်ကနေဝင်တာ၊ အဲဒီနေ့ အကုန်ထွက်ပြေးကြတာ - ဗိုက်ကြီးသည်လည်းပြေး၊ ဆိုင်ကယ်တိုက်လို့ သေတယ်လူလည်း ရှိတယ်။ အကုန်လုံး ကြောက်ကြရတာ။ အတင်းပိတ်ပစ်တာ။ ရဟတ်ယာဉ်တွေနဲ့ ပစ်တာ။"
"ရဟတ်ယာဉ်နဲ့ သယ်လာပြီးတော့ ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ စစ်သားတွေကလည်း အားလုံးပေါင်း ဘယ်နှစ်ယောက်လောက် ရှိမယ်လို့ ခန့်မှန်းမိလဲ။"
"အဲဒါကြတော့ ကျနော်က မမြင်တော့ မခန့်မှန်းတတ်ဘူး။ မတွေ့ရဘူး။ တွေ့ရတဲ့လူတွေလည်း ပစ်သတ်ခံရမှာ။ ဆေးခန်းနဲ့ ကျနော်တို့အိမ်က သုံးအိမ်ခြားဆိုပေမဲ့ မသွားရဲဘူး။ အိမ်မှာမကပ်ရဲတော့ ... ကျောင်းထဲ နေနေရတယ်။ ကျနော်တို့ရွာနဲ့ ... ကျောင်းက နှစ်ခေါ်လောက်ဝေးတယ်။ မဝေးဘူးဗျ။"
ဒါအပြင် PDF တွေ ကျောင်းဝင်းထဲမှာ ရှိနေတဲ့ သတင်းအရဆိုပြီး စစ်တပ်က ရဟတ်ယာဉ်တွေနဲ့လာပြီး စက်သေနတ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့အပြင် အခြားစစ်ရဟတ်ယာဉ်တွေ နဲ့ သယ်လာတဲ့ စစ်သားတွေကလည်း ရွာထဲဝင်ပြီး ပစ်ခတ်ကြတဲ့အတွက် ဘေးလွတ်ရာကြောက်လန့်တကြားထွက်ပြေးပုန်းအောင်းကြတဲ့အခြေအနေကိုလည်း ဦးဌေးညွန့်က အခုလိုပြောပါတယ်။
လက်ယက်ကုန်း ဘုန်းကြီးကျောင်းအနားမှာရှိတဲ့ သူ့ရဲ့နေအိမ် အပြင် ဆိုက်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့အတွက် ရှိနေတဲ့ ဆိုင်ကယ်တွေရော၊ ထရပ်ကားကိုပါ မီးရှို့သွားခဲ့ကြောင်း ဦးဌေးညွန့်က ပြောပြပါတယ်။
"ဆေးခန်းတောင်ဘက်က အရက်ဆိုင် ရှိတယ်။ အရက်ဆိုင်ကတော့ .... မီးရှို့တာတွေ ဆိုးတာက၊ ရှင်းပြစ်ပြီးယူသွားတာကို လက်ခံတယ်။ ကျနော့်ကားကိုလည်း ယူသွားပါ။ မီးရှို့တော့ ပြင်လည်းမရ၊ ပြင်လည်းမပြင်နိုင်ပေါ့။ အစကဆို ကားလေးပေါ်တင် အကုန်ထွက် အသံချဲ့စက်တွေတင်။ ကျနော်က နိဗ္ဗာန်ဆော်ဆိုတော့ ... ဗမာအချင်းချင်း ကိုယ်ကလည်း ဘာမှပြောတာ မဟုတ်ဘူး။ ကိုယ်ကမနိုင်တော့ မျက်ရည်တွေကျနေရ။"
စက်တင်ဘာလ (၂၇) ရက်နေ့က ထုတ်ပြန်တဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ရဲ့ ကြေညာချက်မှာ - နိုင်ငံတကာ စစ်ဥပဒေအရ အရပ်သားတွေပေါ် အလွန်အကျွံ တိုက်ခိုက်မှု မလုပ်နိုင်အောင် တားမြစ်ထားပြီး၊ ဒီတားမြစ်ချက်ကို ကျူးလွန်ရင် စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုအဖြစ် အပြစ်ပေးအရေးယူနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် လက်ယက်ကုန်း စာသင်ကျောင်းကို မြန်မာစစ်တပ်က ဝေဟင်ကနေရော၊ မြေပြင်ကနေပါ တိုက်ခိုက်မှုကို စစ်ရာဇဝတ်ကျူးလွန်မှုဖြစ်နိုင်တဲ့ အထောက်အထားတွေ စုဆောင်းနေတယ်လို့လည်း IIMM က ဆိုပါတယ်။
သားဖြစ်သူ ဇင်ကိုဦးအပါအဝင် ကျောင်းသူကျောင်းသားခြောက်ဦး၊ ရွာသူရွာသားခြောက်ဦးတို့ပါ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမှန်တရား ဖြစ်ရပ်မှန်ကို နိုင်ငံတကာအဖွဲ့အစည်းတွေသိအောင် ထုတ်ဖေါ်ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း ဦးဌေးညွန့်က ဗွီအိုအေကို ပြောပါတယ်။
"လုပ်ခွင့်ရရင်တော့ အမှန်တရားအတွက် ဘယ်အဖွဲ့အစည်းမဆို တင်ပြပေးမယ်။ ကိုယ်က တောသူတောင်သားဆိုတော့ လက်လှမ်းမမီတော့လည်း ကြောက်တာပေါ့။ ဒီလိုတွေ တွေ့လည်းမတွေ့ဘူးပါဘူး။ ဘာသာရေးသမားဆိုတော့ ဘုရားပဲဖက်ရတယ်။ အဲဒီတော့ ဒီလောက်တောင်မှ လုပ်ရက်ကြတာလဲ။ ဘယ်သူမှ ပြောမယ့်လူ မရှိတော့ဘူးလား။ ဒီလူတယောက်တည်းကြောင့် သေနေကြတာ။ ဒီလူက ဘာတွေများ လှူဒါန်းဖူးလို့လဲ။ ထောင်နှစ်တရာချတောင် လူသက်တမ်း ခုနှစ်ဆယ်၊ ရှစ်ဆယ်ရှိတာ ... ရယ်ရတာပေါ့။ ချတဲ့လူကရော နှစ်တရာအထိ နေရမလား။"
မြန်မာစစ်တပ်အနေနဲ့ စစ်ဘက်ဆိုင်ရာနည်းလမ်း၊ ဥပဒေတွေကို လိုက်နာတာဝန်ယူခြင်းမရှိဘဲ၊ စာသင်ကျောင်းတကျောင်းအပေါ် အလွန်အကျွံအင်အားသုံးတိုက်ခိုက်တဲ့ဖြစ်ရပ်ကို ကမ္ဘာကြီးအနေနဲ့ ဝိုင်းဝန်းအရေးယူကြဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်တွန်းထားကြောင်းပြောကြားရင်းနဲ့ ဒီအပတ်အစီအစဉ်ကို အဆုံးသတ်ပါရစေ။
မြန်မာ့ဒီမိုကရေအစီအစဉ်ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Your browser doesn’t support HTML5
=== Unicode ===