KIA နဲ့ အစိုးရတပ်တိုက်ပွဲ ကချင် ရှေ့တန်းစခန်းတခု လက်လွှတ်ရ

KIA နဲ့ အစိုးရတပ်တိုက်ပွဲ ကချင် ရှေ့တန်းစခန်းတခု လက်လွှတ်ရ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၃ ရက်ရှိလာပြီ ဖြစ်ပြီး ဒီကနေ့အထိလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးကြောင်းနဲ့ တပ်စခန်းတခုကို လက်လွှတ်လိုက်ရတယ်လို့ KIA ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒီကနေ့မှာတော့ KIA ဗဟိုက သူတို့ တပ်စခန်း အသီးသီးကို အစိုးရတပ်တွေက တိုက်ခိုက်လာရင် ခုခံကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားဖို့ ထပ်မံ သတိပေး တပ်လှန့်ထားပါတယ်။ ၃ ရက်ကြာ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံးတိုက်ပွဲ ဖြစ်ပါတယ်။ စနေနေ့ ညနေပိုင်းက စတင်ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကိုတော့ KIA ပြန်ကြားရေး ကော်မတီက ဒု-ဗိုလ်မှူးကြီး ယော်ထုံက အခုလို ပြောပါတယ်။

“ဆက်တိုက်နေပါသေးတယ်။ လက်နက်ကြီးနဲ့ အဆက်မပြတ် ထုတယ်။ ပြီးတော့ ခြေမြန်တပ်ရင်းလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်။ သူတို့လည်း ကျနော်တို့ ဘုံဆမ် ရေအားလျှပ်စစ်နားက စခန်းကို မရမနေ တိုက်မယ်လို့ ကက(ကြည်း) က ညွှန်ကြားတယ်လို့ ကြားရတယ်။ အဲဒါကြောင့် စစ်ဆင်ရေးက ပြင်းထန်လာမယ့် အခြေအနေ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီနေ့ KIA တပ်ရှိတဲ့ နေရာ အားလုံးမှာ တပ်လှန့်ထားတဲ့ သဘောပေါ့။ အားလုံး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆင်သင့် လုပ်ထားပါလို့ ကျနော်တို့က အားလုံးကို ညွှန်ကြားထားတာ ရှိပါတယ်။”

၃ ရက်ကြာ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးပြီး စခန်းကုန်းတခုကို ဆုတ်ပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

“၄ ယောက်ဆိုတဲ့ နေရာမှာ ၃ ယောက်က ဗုံးထိပြီး သေဆုံးသွားတာ။ ၁ ယောက်က သူတို့ ဖမ်းပြီး နှိပ်စက်ပြီးမှ သတ်လိုက်တယ်၊ အားလုံး ၄ ယောက်ပေါ့။ ဆန်ဂန်စခန်းကတော့ ကျနော်တို့ ဆုတ်ခွာသွားပြီ။”

ဆုတ်ခွာပေးလိုက်ရတဲ့ စခန်းဟာ အရင်က KIA ဆက်ဆံရေးရုံးဖွင့်တဲ့ ဆန်ဂန်ရွာအနီးက တောင်ကုန်းပေါ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။

အစိုးရတပ်ဘက်က အကျအဆုံး စာရင်းကိုတော့ မသိရသေးပါဘူး။ ဒေသခံတွေရဲ့ အပြောအရ လူ ၈၀ လောက် ဗန်းမော်နဲ့ မိုးမောက် ဆေးရုံကို ပို့ထားကြောင်း သိရပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ မနေ့မနက်က ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ဘက်မှာလည်း ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အရင် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ရဲ့ တပ်စခန်းတခုကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ပြည်သူ့စစ် အသွင်ပြောင်းခဲ့တဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ဌာနချုပ် အနီးမှာ ဖြစ်ခဲ့တာလို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“စိန်ကျော့ ဌာနေပြည်သူ့စစ် ဌာနချုပ်အနီးမှာ ဖြစ်တယ်။ SSA အုပ်ချုပ်ရေးတပ်ဘက်က အမှတ် ၉ မြို့နယ် အုပ်ချုပ်ရေးတပ် အခြေစိုက်တဲ့ နတ်စင်ကုန်းတောင်ပေါ့၊ အဲဒီနေရာကို စကခ ၁ လက်အောက်ခံ ကျောက်မဲတပ်တွေနဲ့၊ မိုင်းကိုင်ကလာတဲ့ တပ်ရော၊ သီပေါကလာတဲ့ တပ်ရော ၁၁ ရက်နေ့ ညကတည်းက စစ်ကား ၁၁ စီးနဲ့ တပ်တွေ ပို့လိုက်တယ်။ မနေ့က မနက် ၅ နာရီက စပြီးတော့ လက်နက်ကြီးတွေနဲ့ သုံးဘက်သုံးတန် သုံးနေရာကနေ ပစ်တယ်တဲ့။ အလုံးပေါင်း ၆၀-၇၀ လောက် ထုတယ်ပေါ့၊ အဲဒီ ရှမ်းတပ်စခန်းကို။ ၁၀ နာရီကျော်၊ ၁၁ နာရီနီးပါးလောက် ထင်တယ်၊ ရှမ်းတပ်ဘက်က ဆုတ်ပေးလိုက်ရတယ်။”

ဒီတိုက်ပွဲမှာ နှစ်ဘက် အထိအခိုက် အခြေအနေကို အသေးစိတ် မသိရသေးပေမဲ့ စိန်ကျော့ရွာသားတယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေကလည်း မိုင်းနောင်မြို့နယ်နဲ့ တန့်ယန်းမြို့နယ် အတွင်းမှာ ရှမ်းတပ်ဖွဲ့တွေက ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့တာကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး ရှိခဲ့တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

မြန်မာအစိုးရဘက်က ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ ကရင်ပြည်နယ်ဘက်မှာလည်း မြန်မာအစိုးရ တပ်တွေဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တိုးတက်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ရဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တယ်လို့ အစဉ်တစိုက် ကြေညာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ အပစ်ရပ် တပ်တချို့နဲ့ တင်းမာမှုတွေ စတင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အသစ်တက်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ကရင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။