အောက်တိုဘာ (၁၉) ရက်နေ့က ဗန်းမော်မြို့နယ်အတွင်း မြန်မာ့ တပ်မတော်နဲ့ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗန်းမော်မြို့နယ် နမ်ခုတ်နဲ့အောင်မြင်သာကျေးရွာတွေက ရွာသား တချို့ကို တပ်မတော်က ယာယီထိန်းသိမ်းခဲ့ပါတယ်။ KIA နဲ့ မြန်မာအစိုးရအကြား ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူထားပေမဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားမှု ဒေသခံတွေကို ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် အနှောင့်အယှက် အတားအဆီးတွေ ဖြစ်နေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တွေကပြောပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။
အောက်တိုဘာ(၁၉)ရက်နေ့တုန်းက KIAနဲ့တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး ဗန်းမော်မြို့နယ် ရွာသား တချို့ကို တပ်မတော်ဘက်က ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ နမ်ခုတ်ရွာသားတဦးက အခုလို ပြောပါတယ်။
"ဖမ်းသွားတာက အကုန်လုံးက (၁၀) ယောက်ကျော်လောက်ရှိတယ်ဗျ။ (၁၀)ယောက်ကျော်ထဲမှာမှ ကျွန်တော်တို့ စာရင်းအတိအကျရတာက(၄)ယောက်။ ကျန်တဲ့(၆)ယောက်ကတော့ စစ်ကိုင်းတိုင်းဘက်ကနေ နမ်ခုတ်ကျေးရွာကို သူတို့ကပြောင်းဖူးခြံတွေ ငှက်ပျောခြံတွေလုပ်ကြတော့ အဲဒီမှာအလုပ်လာလုပ်တဲ့အလုပ်သမားတွေပေါ့နော်။ အခု ဖမ်းသွားတဲ့(၄)ယောက်ကိုကျတော့ မနေ့တုန်းကတပ်မတော်ကပြန်လွှတ်ပေးမယ်ဆိုပြီးမှ ကျေးရွာဥက္ကဌတွေနဲ့ တာဝန်ရှိတဲ့ သူတွေကိုလာခေါ်ပါ။ ဆိုပြီးမှသူတို့ကအကြောင်းကြားလာတယ်လို့သိရတယ်။ အဖမ်းခံရတာ က(၁၉) ရက်နေ့ပေါ့။ လွှတ်ပေးတာကမနေ့တုန်းကပါ။"
အဖမ်းဆီးခံရွာသားတွေ မနေ့က ပြန်လည်လွှတ်လာပြီးလို့တခြားဒေသခံတဦးကပြောပါတယ်။ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေမကြာမကြာဖြစ်ပွါးလေ့ရှိပါတယ်။
တိုက်ပွဲတွေကြောင့် ယုံကြည်မှုပျက်ယွင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိခိုက်လာနေတယ်လို့ ကချင်ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ဦးဆမ်အောင်ကပြောပါတယ်။
"ကျွန်တော်တို့ကတော့ဆွေးနွေးဖို့ကတော့အမြဲတမ်းတောင်းဆိုနေပါတယ်ခင်ဗျ။ ကျွန်တော်တို့အနေနဲ့ ကတော့ နှစ်ဖက်စလုံးကို အမြဲတမ်းဘဲတိုက်ပွဲမဖြစ်ဖို့ တိုက်ပွဲဖြစ်တယ်ဆိုတာယုံကြည်မှု ပျက်ပြားစေတာဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်ဖို့ကအရေးကြီးတယ်။ ယုံကြည်မှုရှိမှဘဲ ငြိမ်းချမ်းရေးအတွက်အလုပ်လုပ်လို့ရတယ်။ အပစ်ရပ်လဲလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲမဖြစ်ဖို့အတွက်အမြဲတမ်းဘဲ နှစ်ဖက်စလုံးကို ပြော နေတာဖြစ်ပါတယ်။ အဲဒီမှာတဖက်ဖက်ကဖေါက်ဖျက်လာရင်တော့တိုက်ပွဲကဆက်ပြီးဖြစ်လာတဲ့အခါကျတော့ ငြိမ်းချမ်းရေးအတွက်အနှောက်အယှက်တွေအတားဆီးတွေအများကြီးဖြစ်တယ်။"
ပြီးခဲ့တဲ့အောက်တိုဘာလ (၅) ရက်နေ့မှာလဲ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာ မိတ် အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့မှာတွေ့ဆုံပြီး ရပ်တန့်နေတဲ့ဆွေးနွေး ပွဲလမ်းကြောင်း ကိုပြန်လည်စတင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့အခုအထိတော့ နှစ်ဖက် ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပ နိုင်ခြင်း မရှိသေးပါဘူး။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဖေါ်ဆောင်လုပ်ကိုင်နေတာမှာ အားရစရာအနေအထား မတွေ့ရသေးဘူးလို့ လည်း ကချင်ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ဦးဆမ်အောင်ကဆက်ပြောပါတယ်။
"လက်တွေ့ဖေါ်ဆောင်မှုမှာအားနည်းတယ်။ အပစ်ရပ်နဲ့ တပ်မတော်နဲ့ဖေါ်ဆောင်မှုကအားနဲတယ်။ ဆိုတဲ့အခါ ကျတော့မရပ်တဲ့လူလဲ အဲဒီအပေါ်မှာလဲယုံကြည်မှုအတိုင်းတာတခု လျော့နေတယ်။ ပြီးရင်အပစ်မရပ်တဲ့သူတွေရဲ့ အပေါ်မှာ ဆက်ဆံတဲ့အနေအထားတွေ အချင်းချင်းဆက်ဆံတဲ့ဆက်သွယ်မှုဟာ အရင်လိုခပ်စိပ်စိပ်မဟုတ်တဲ့ အခါကျတော့ ခပ်ကျဲကျဲဖြစ်တဲ့အခါကျတော့ ကြာလာရင်သူကာုံကြည်မှုကနဲလာတယ်။ အဲဒီလိုအနေအထား မျိုးနဲ့အခါကျတော့အားမရတာ ဆက်သွားဖို့ကတော့နဲနဲအားစိုက်မှဘဲ။"
ဗန်းမော်မြို့နယ် နမ်ခုတ်နဲ့အောင်မြင်သာကျေးရွာတွေက ရွာသားတွေကို ဖမ်းဆီးခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ လည်း ဒါဟာ လူ့အခွင့် အရေးကျူးလွန်မှုလုပ်ရပ်တခုလို့ ဦးဆမ်အောင်ကပြောပါတယ်။
"ဘယ်အဖွဲ့အစည်းဘဲဖြစ်ဖြစ်ပေါ့လေ။ ပြည်သူလူထုကို ဖမ်းဆီးတယ် သတ်ဖြတ်တယ် နှိပ်စက်တယ်ဆိုတာကတော့ ဒါလူ့အခွင့်အရေးကိုချိုးဖေါက်တာဘဲပေါ့။ ဒါကတော့ဘယ်လိုမှမဖြစ်သင့်တဲ့ဟာ မလိုလားအပ်တဲ့ဟာဘဲဖြစ်ပါတယ်။"
ပြီးခဲ့တဲ့အောက်တိုဘာ (၁၁) မှာလဲ ဗန်မော်မြို့နယ်ဆင်ဘိုမြို့နယ်ခွဲ ခေါင်မေရွာဘက်မှာ KIOတပ်မဟာ(၈) တပ်ရင်း (၅) နဲ့ တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံကျေးရွာသားတွေကလဲ စစ်ဘေးလွတ်ရာတောတောင်ဘက်ကိုတိမ်းရှောင်ခဲ့ကြ ပါတယ်။
အောက်တိုဘာလ ၁၉ရက်နေ့ကပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်မြစ်ကြီး နားမြို့ကိုသွားရောက်ပြီး စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွအတွက် ယာယီကယ်ဆယ်ရေးစခန်းကို သွားရောက်ပြီး ထောက်ပံ့ငွေနဲ့ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။ နေရပ်စွန့်ခွာနေထိုင်ရတဲ့ပြည်သူတွေ ကိုယ့်ရပ်ကိုယ့် ရွာမှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ အမြန်ဆုံးကြိုးစားသွားမယ့်အကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5