အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဟု KIO ယူဆ

အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဟု KIO ယူဆ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်အကြား နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး စာချုပ်ချုပ်ဆိုဖို့ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့က ဒီလ ၂၅ ရက်နေ့ နေ့စွဲနဲ့ KIO ကို ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။ KIO ရဲ့ အကြောင်းပြန်ကြားချက်ထဲမှာ တပြည်လုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်တွေကို ၁၅ ရက်အတွင်း အစိုးရက ကြေညာပေးဖို့ဆိုတဲ့ တောင်းဆိုချက် တချက်လည်း ပါဝင်ပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရသူနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က KIA နဲ့ အစိုးရတပ်တွေအကြား နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး စာချုပ်ချုပ်ဆိုဖို့ ဒီလ ၂၅ ရက်နေ့က ကမ်းလှမ်းတဲ့စာကို KIO ခေါင်းဆောင်တွေ အကြားမှာ အသေးစိတ် ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် ဒီမနက် ၁၁ နာရီလောက်က အကြောင်းပြန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းပြန်ကြားစာမှာ ပါဝင်တဲ့ အချက်တွေထဲက အဓိကကျတဲ့ အချက်တခုကို KIO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ပေးထားတဲ့ဟာမှာတော့ ကျနော်တို့ မေးခွန်းလည်း မေးထားတာရှိတယ်။ မေးခွန်းက သုံးလေးခုပါ။ အဲဒီထဲမှာ အရေးကြီးတာတခု မေးထားတာရှိတယ်။ သူတို့အတွက် ဆုံးဖြတ်ချက် ပေးရမှာတော့ နိုင်ငံအတွင်းရှိ ပစ်ခတ်တိုက်ခိုက်မှုများ အားလုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု အစီအစဉ်များကို နိုင်ငံတော် အစိုးရမှ ရက်ပေါင်း ၁၅ ရက်အတွင်း ကြေညာချက် ထုတ်ပြန်ပေးရန် လိုအပ်ပါသည် ဆိုတဲ့ဟာမျိုး ကျနော်တို့ သူတို့ကို အကြောင်းကြားထားတာ ရှိတယ်။”

ဒီပြန်ကြားစာမှာပဲ KIO ဘက်က သဘောထားတခုဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားတာဟာ ငြိမ်းချမ်းရေး ရတယ်လို့ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ဘူး ဆိုတာကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။

နောက် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် အနေနဲ့ လွတ်လပ်ရေး ရယူစဉ်က သဘောတူခဲ့တဲ့ ပင်လုံစာချုပ်အပေါ် သဘောထားကိုလည်း မေးမြန်းထားတယ်လို့ ဦးလနန်က ပြောပါတယ်။

“နောက်ပြီး တခု ကျနော်တို့ မေးထားတာ ရှိတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့စဉ်က သဘောတူညီခဲ့ကြသော ပင်လုံစာချုပ်နှင့် ပင်လုံ ကတိကဝတ်အပေါ် နိုင်ငံတော် အစိုးရသစ် အနေနဲ့ မည်သို့ သဘောထားသည်ကို သိရှိလိုပါသည်ဆိုတဲ့ မေးခွန်းလည်း မေးထားတယ်ခင်ဗျ။ ဒါတွေက ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး လမ်းကြောင်းကို သွားဖို့ အရိပ်အမြွက် ရည်ရွယ်ထားတဲ့ သဘောထားတွေပါ။”

ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ဝင် ဦးဆင်ဝါးနော်ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တောင်းဆိုတာ မရှိသေးတာကြောင့် အားလုံးနဲ့ အပစ်ရပ်ဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်းနဲ့ ကချင်ပြည်နယ်ကို စံနမူနာယူပြီး တဖြည်းဖြည်း တနိုင်ငံလုံး အပစ်ရပ်သွားမှာဖြစ်ကြောင်း ဗွီအိုအေကို မနေ့က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် KIO က ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်ရပ်ပြီး ဆွေးနွေးပွဲ အစီအစဉ်တွေ ထုတ်ပြန်ရမယ်ဆိုတဲ့ တောင်းဆိုချက်ဟာ အစိုးရဘက်က လိုက်လျောဖို့ ခက်ခဲအောင် တဘက်သတ် တောင်းဆိုတာမျိုး ဖြစ်မနေဘူးလားဆိုတဲ့ အမေးကိုတော့ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“သူတို့ဘက်ကသာ အမှန်တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ သူတို့ မလိုက်လျောနိုင်စရာ ဘာမှ မရှိဘူးခင်ဗျ။ ကျနော်တို့ ရေးထားတဲ့ အချက်မှာလည်း ကျနော်တို့ KIO အဖွဲ့အစည်းက နေပြီးတော့ လက်ဦးမှုရအောင် လုပ်တဲ့ဟာမျိုး စာသား အသုံးအနှုန်းတွေ တခုမှမပါဘူး။ ဒါကြောင့် သူတို့က အမှန်တကယ်လည်း ရိုးသားတဲ့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ ဆောင်ပုဒ်ကို သူတို့ လက်ခံနိုင်တယ်ဆိုရင် ကျနော်တို့ ပြောဆိုထားတဲ့ ၁၅ ရက်အတွင်းမှာ ကြေညာချက်တွေဘာတွေ လုပ်နိုင်မယ်လို့ ယူဆတယ်။”

KIO ဘက်က ဒီကနေ့ ပြန်ကြားချက်ကို အစိုးရဘက်က လက်ခံမယ်ဆိုရင် ဒီရက်ပိုင်းတွေအတွင်း ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့နဲ့ ထပ်မံ တွေ့ဆုံဖြစ်မယ်၊ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးမယ့် အဆင့်တော့ မရောက်နိုင်သေးကြောင်းနဲ့ အပစ်အခတ် ရပ်စဲချိန်မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ကြိုတင်သတ်မှတ်ဖို့ လိုအပ်နေသေးကြောင်း ဦးလနန်က ပြောပါတယ်။

KIO နဲ့ မြန်မာစစ်အစိုးရဟာ ၁၉၉၄ ခုနှစ်က စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ အစိုးရဘက်က တောင်းဆိုတာကို KIA က လက်မခံတဲ့နောက် နှစ်ဘက်တပ်တွေအကြား တင်းမာမှုတွေ စတင်ခဲ့ပြီး ဒီနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာအစိုးရဘက်က ကချင်ပြည်နယ်တွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက် ဆောင်ရွက်နေသလို KIA ဘက်ကလည်း အစိုးရတပ်တွေကို မိုင်းခွဲတိုက်ခိုက်တာနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် အခုအခါမှာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည် ၁၇,၀၀၀ ကျော် ရှိနေပြီး သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်နေသူတွေက သတင်းထုတ်ပြန်ထားပါတယ်။