အင်းလေးအတွက် သုတေသန

Myanmar Nature Reserve

ယူနက်စကို ဇီဝဝန်းကျင်ထိန်းသိမ်းရေးတင်မကဘဲ အာဆီယံယဉ်ကျေးမှု အမွေအနှစ်စာရင်းပါဝင်နေတဲ့ အင်းလေးဒေသ ရေရှည်တည်တံ့ဖို့ သုတေသနပညာရှင်တွေ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ အင်းလေးဒေသဟာ တိမ်ကောလုနီးနေပြီဆိုပြီး အားလုံးက စိုးရိမ်နေကြပါတယ်။ ဒီအင်းလေးဒေသနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာမိုးကျော်သူတို့ သုတေသနပညာရှင်တွေ အင်းလေး မတိမ်ကောအောင် ဘာတွေ လုပ်နေကြတယ်ဆိုတာ ပြောပြပေးပါ။

ဒေါက်တာမိုးကျော်သူ။ ။ အင်းလေးဟာ ငယ်ငယ်ကတည်းက စွဲစွဲလန်းလန်း ကြိုက်နှစ်သက်တဲ့ဒေသကြီးတခုပါ။ အစားအသောက်ရော၊ ဒေသရှုခင်းတွေရော၊ ဒေသခံလူမျိုးတွေနေထိုင်ပုံရောပေါ့နော်။ အဲဒီနောက်မှာ ကျနော်တို့ ဘူမိဗေဒ ကွင်းဆင်းလေ့လာမှုတွေမှာ အင်းလေးကို သွားတယ်၊ ရှမ်းပြည်ကိုသွားတယ်ဆိုတာ လုပ်နေကျ အစဉ်အလာကြီးတခုပေါ့နော်။ အဲဒါကြောင့် ဒီ အင်းလေးဒေသကို ကျနော်တို့ စွဲလန်းတာအပြင် အရမ်းကို နှစ်သက်တဲ့ ဒေသကြီးပေါ့နော်။

ဘူမိဗေဒက အရင်ကတော့ နှစ်သန်းနဲ့ချီပြီးတော့ သမိုင်းကြောင်းကို လေ့လာကြတဲ့အချိန်ကနေပြီးတော့ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကစပြီး ဓါတ်ခွဲတဲ့နည်းပညာတွေက အရမ်းကိုတိုးတက်လာတဲ့အခါကျတော့ ကျနော်တို့က နှစ် ဆယ်ဂဏန်းလောက်အထိကို အသေးစိတ် ဓါတ်ခွဲပြီး လေ့လာနိုင်တဲ့အဆင့်ကို ရောက်လာတာ ပေါ့နော်။ အဲဒီမှာ တိုက်ဆိုင်လာတာက ကျနော့်ကိုတာဝန်ပေးတဲ့ တူးဖေါ်ခြင်းဆိုင်ရာ နည်းပညာအသစ်အဆန်းတွေ၊ နည်းပညာအသစ်အဆန်းတွေလုပ်ဖို့ ဆိုတဲ့တာဝန် ၅ နှစ် အပေးခံရတဲ့အခါကျတော့ အဲဒီထဲမှာ မြန်မာနိုင်ငံကို အင်းလေးဒေသမှာလည်း တခါတည်း သုတေသနလုပ်ကြရအောင်ဆိုပြီးတော့ အပေါင်းအသင်းတွေနဲ့ တိုင်ပင်တာရှိပါတယ်။

ပတ်ဝန်းကျင်ကလည်း မှန်ပါတယ်။ တိမ်ကောတယ်ဆိုတာကလည်း ကမ္ဘာကြီးက ပူနွေးလာတွေ၊ ရာသီဥတု ပြောင်းလဲဖေါက်ပြန်တာတွေကြောင့် ရေနည်းလာတာပေါ့နော်။ အထူးသဖြင့် ၂၀၁၀ ခုနှစ်မှာ အရမ်းကို သိသာလာပါတယ်။ ၂၀၁၀ မှာ ရေကျသွားတာကို ပုံထဲမှာလည်း ပြထားပါတယ်။ (၁၉၉၀ - ၂၀၁၁ အတွင်း အင်းလေရေမျက်နှာပြင် အမြင့်ပြပုံ) ၂၀၁၀ မှာဆို ရေမျက်နှာပြင်က ကန်ရဲ့ သုညအမှတ် အောက်ကို ရောက်နေတယ်ဆိုတာက ကန်ရဲ့ မျက်နှာပြင်အတော်များများမှာ ရေမရှိတဲ့အဆင့်လောက်အထိကို ရောက်သွားခဲ့ပါတယ်။ ဆိုတော့ ဒါမျိုးက နောင်ဘယ်လောက်ကျရင် နှစ်ခပ်စိပ်စိပ် ဒီလို ဖြစ်လာအုံးမလဲဆိုတာကို စိတ်ပူတဲ့အပိုင်းတွေရှိတဲ့အတွက်ကြောင့် ကျနော်တို့ နည်းပညာအသစ်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းလာပုံကို အသေးစိတ်ပြန်ခွဲပြီးတော့လေ့လာမှုကို ကျနော်တို့ စပြီး ပြင်ဆင်ရခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီလိုလေ့လာတဲ့ အခါမှာ အင်းလေးကန်ရဲ့ပထမဦးဆုံး စိုးရိမ်စရာ အချက်ကဘာလဲ ပြောပြပေးပါ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျန်ခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာ ရှိခဲ့တဲ့ သုတေသန မှတ်တမ်းတွေကို ကြည့်ရင်- ကျနော်က အင်းလေးကို သုတေသနအဓိကလုပ်တဲ့သူတယောက် မဟုတ်ဘဲ တူးဖေါ်ခြင်းနည်းပညာ၊ ဓါတ်ခွဲခြင်းနည်းပညာကနေမှ တဆင့် လေ့လာတာပါ။ ပြန်ကြည့်လိုက်တဲ့အခါမှာ လူဦးရေတိုးလာတဲ့ ကိစ္စရယ်။ ရေကန်ကြီးက ကြီးမလာဘူး။ အဲဒါအပြင် ရာသီဥတုတွေရဲ့ အပြောင်းအလဲတွေကြောင့် ရေကနည်းလာတဲ့ အပိုင်းတွေ၊ ကန်ကကျဉ်းလာတဲ့ အပိုင်းတွေ၊ တချို့ အထောက်အထားတွေအရဆိုရင် သုံးပုံတပုံလောက် အထိအောင် ကျဉ်းလာတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ အဲဒီလိုကျဉ်းလာချိန်မှာ လူဦးရေက တိုးလာတယ်။ ပြီးတော့ နိုင်ငံတကာကနေ အလည်အပတ်လာရောက်တဲ့ခရီးသည်တွေက အရမ်းများတယ်၊ တိုးရစ်နေထိုင်မှုတွေ များလာမယ်။ ခရီးသွားတွေ များလာတဲ့အတွက် မော်တော်ဘုတ်တွေနဲ့ အသွားအလာတွေအရမ်းများလာပြီး ညစ်ညမ်းလာတယ်။ အဲဒီတော့ ရေကနည်းလာမယ်၊ လူတွေက များလာမယ်၊ အပြင် အရေးကြီးတာတခုက ဘေးပတ်လည်တောင်တွေကနေကျလာတဲ့ အနည်တွေပေါ့နော်။ အဲဒီ အနည်တွေက ထိုင်လာတဲ့ အတွက်ကြောင့် အင်းလေးကန် ရေထုထက်ကို ရေအောက်မှာရှိတဲ့ မြေထုက ပိုပိုများလာခဲ့တာပါ။ အရေးကြီးတာ နောက်တခုကလည်း သစ်တောတွေပေါ့နော်။ သစ်တောတွေက မြန်မာပြည်တခုလုံး လွန်ခဲ့တဲ့ အနှစ် ၃-၄၀ လောက်အတွင်းမှာ အရမ်းကိုပြုန်းတီးခဲ့တဲ့အချိန်မှာ ဒီအင်းလေးဒေသက သစ်တောတွေရဲ့ ပြုန်းတီးမှုကလည်း ဆိုးပါတယ်။ အဲဒီတော့ အားလုံးခြုံလိုက်တဲ့အခါကျတော့ ညစ်ညမ်းမှုဖြစ်လာတယ်။ ပြီးတော့ အညစ်အကြေးစွန့်တာကလည်း အားလုံးသိတဲ့အတိုင်း အင်းလေးကန်ထဲမှာ မိလ္လာစံနစ်ဆိုတာကလည်း စံနစ်တကျထားတာမဟုတ်ဘဲ ဒီရေကန်ကြီးကိုပဲ သုံးနေတာဖြစ်တဲ့အတွက်ကြောင့် အညစ်ကြေးကများလာ၊ အောက်ဆီဂျင်ကနည်းလာတဲ့အခါမှာ ငါးတွေကိုလည်း ထိခိုက်တယ်။ ဒီရေကိုသုံးနေတဲ့ လူတွေအတွက်လည်း ကျန်းမာရေးထိခိုက်တယ်ဆိုတဲ့အပိုင်းတွေက အထောက်အထားတွေ အများကြီး ရှိနေပါတယ်။

မေး။ ။ ဆိုတော့ အဓိကက သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းတာပေါ့နော်။ ဒီ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းတာကို သုတေသန ပညာရှင်တွေ ဘာတွေ လုပ်ပေးနိုင်ပါသလဲ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့လုပ်ပေးနိုင်တာ၊ အခု လောလောဆယ် ပြင်ထားတာ ပေ့ါနော်။ လွန်ခဲ့တဲ့ ၆ နှစ် - ၇ နှစ်ကစပြင်ထားတာ။ ဒါပေမယ့် အကြောင်းကြောင်း အဆင်မသင့်တဲ့အတွက် ဂျပန်နိုင်ငံရဲ့အစိုးရရဲ့ အထောက်အပံ့ကိုရဖို့ ပြင်ဆင်တဲ့ အပိုင်းမှာ နည်းနည်း နှောင့်နှေးနေတဲ့အပိုင်းတွေရှိတဲ့ ကြာနေတာပါ။ ကျနော်တို့ ပြင်ဆင်ထားတဲ့အပိုင်းကို ပြောမယ်ဆိုရင်တော့ အခုချိန်ထိ ရှိခဲ့တာက ရေကန်ရဲ့အနှံ့မှာ ရေရဲ့ နမူနာယူတယ်။

ရေကန်ရဲ့အောက်ခြေက အနည်ကနေ တိမ်တိမ်ပဲပေါ့နော်- ပြောရင် စင်တီမီတာ ၂၀-၂၅ လောက်ပဲ ရှိတဲ့ နမူနာလေးတွေ၊ အနည်လေးတွေကို ယူလိုက်တယ်။ ယူပြီးတော့မှ အဲဒါတွေကို ဓါတ်ခွဲစမ်းသပ်ပြီးတော့ ပြောတာပါ။ အဲဒီမှာတင်ကို ကျနော်တို့က ဒီရေဟာ သောက်သုံးတဲ့ နေရာမှာ အန္တရာယ်ကင်းတဲ့ အဆင့်ကိုမမီဘဲ သူက ပိုး-ဘက်တီးရီးယားတွေ ရှိနေတယ်ဆိုတာမျိုးကို တိတိကျကျသိရတယ်။

ရေကန်ကြီးဟာ ပထဝီအနေထားအရ တွက်ချက်မှုတွေအရ ရေကန်ရဲ့ရေရှိတဲ့ နေရာကလာမယ့် အနှစ် ၇၀၀ ဆိုရင် တိမ်ကောမယ်။ ရေကန်ရဲ့ ဘေးဘက်က ရေ အတက်အကျရှိတဲ့ နေရာတွေက စိုထိုင်းတဲ့နေရာတွေ ဆိုရင် လာမယ့် အနှစ် ၁၂၀ ဆိုရင် အဲဒါတွေက ပျောက်ကွယ်သွားနိုင်တယ် ဆိုတဲ့ ခန့်မှန်းခြေတွေ ရှိလာပါတယ်။

အဲဒီတော့ ခုနမေးတဲ့ မေးခွန်းကို ပြန်ကောက်ရရင်၊ ကျနော်တို့က ခုနပြောတဲ့ ၂၅ စင်တီမီတာ မဟုတ်ဘဲနဲ့ ၁၀ မီတာကနေ မီတာ ၁၀၀ လောက် အထိကို အရမ်း အရည်အသွေးကောင်းမွန်တဲ့ လွန်တွင်း တူးတဲ့နည်းပညာနဲ့ ကျနော်တို့က တူးယူမယ်။ တူးယူပြီး တော့မှ အဲဒီနည်းပညာနဲ့ ပဲ ဓါတ်ခွဲတာ တွေကို မီလီမီတာ စကေးလောက်အထိကို အသေးစိတ် ဓါတ်ခွဲမယ်။ ပြောရရင် နှစ် ၁၀ နှစ်လောက် အတောအတွင်းမှာ အပြောင်းအလဲ ဖြစ်တဲ့ ဒီ တိုးပွါးလာတဲ့ ညစ်ညမ်းလာတဲ့ အခြေအနေအကုန်လုံးကို အသေးစိတ်ပြောပြနိုင်မယ့် အနေထားမျိုးအထိအောင် ကျနော်တို့ သုတေသနလုပ်ဖို့ မှန်းထားပါတယ်။ ပြင်ဆင်ထားတယ်ပေါ့နော်။

မေး။ ။ ဒီလိုမျိုး သုတေသနတွေလုပ်ပြီးတော့ အင်းလေးကန်အတွက်ကို စဉ်းစားနေတယ်ဆိုတော့ အခု လောလောဆယ် အင်းလေးကန်ကြီး အခု သဘာဝ ဝန်းကျင် ညစ်ညမ်းနေတာနဲ့ပတ်သက်ပြီး တားဆီးဖို့ ဘာတွေ ပြုပြင်သင့်သလဲ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ရဲ့ သုတေသန ရလဒ်ကနေပြီးတော့ ပထမဆုံးအဆင့်က အထောက်အထား အပြည့်အစုံနဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀- ၄၀- ၃၀ အတွင်းမှာ ဘယ်လောက်တောင် ဒီကန်အတွင်းမှာ ရှိတဲ့ နေရာဒေသပေါ်မူတည်ပြီး ကန်ရဲ့မြောက်ဖက်ဖျား၊ အလယ်၊ ကန်ရဲ့ အနောက်ဘက် ကန်ရဲ့ တောင်ဘက်နေရာမျိုးတွေမှာ ညစ်ညမ်းမှုပွါးလာတာကို အထောက်အထားနဲ့ အသေးစိတ် ပြောပြနိုင်မယ်။ အဲဒီလို ပြောပြနိုင်ပြီဆိုရင် အဲဒီ အချိန်တွေအတွင်းမှာ ဒီကန်ကြီးမှာနေထိုင်တဲ့ လူတွေနေထိုင်မှု၊ သဘာဝရာသီဥတု ပြောင်းလဲမှု အခြေနေတွေနဲ့ ဆက်စပ်စဉ်းစားပြီးရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတွေဆီကို အသေးစိတ်အစီရင်ခံတာမျိုး လုပ်ပေးနိုင်ပါတယ်။

အဲဒါအပြင် ကျနော်တို့ တွဲလုပ်ဖြစ်တဲ့အပိုင်းမှာ အများလည်း သိပါတယ်။ အရင် NLD အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မေတ္တာရပ်ခံချက်နဲ့ မြန်မာနိုင်ငံအစိုးရ ပြီးတော့ JICA ကနေ တိုက်ရိုက်ပဲ အင်းလေးကန်ကြီးရဲ့ ရေဝေရေလဲဒေသတွေ ဖွံ့ဖြိုးကောင်းမွန်ဖို့ ဆိုတဲ့ စီမံကိန်းကို ဂျပန်နိုင်ငံရဲ့ကမ္ဘာလုံးမှာ လိုက်ကူညီပေးနေတဲ့ သစ်တောဆိုင်ရာကျွမ်းကျင်သူတွေ ပေါ့နော်။ အဲဒီထဲက ဦးဆောင်သူ တယောက်ကတော့ ကျနော်ရဲ့ မိတ်ဆွေကြီးပါ။ အဲဒါကြောင့်လည်း ကျနော်တို့ တွဲပြီးလုပ်ဖြစ်တဲ့ အပိုင်းလေးတွေ ရှိတယ်။

သူတို့ကနေပြီးတော့ ရေဝေရေလဲ ဒေသတိုးတက်ဖို့ကို အထူးသဖြင့် အနောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ တောင်ကြောတွေ ကနေပြီးတော့ အနည်တွေ စုပုံကျတာကိုလျှော့ချဖို့ဆိုပြီးတော့ တိုင်းထွာမှုတွေ အသေးစိတ်လုပ်တယ်။ လုပ်ပြီးတော့မှ အဲဒါကို တားဆီးဖို့ ဆိုပြီးတော့ ဇကာလို ပုံစံမျိုးတွေ နည်းပညာနဲ့လုပ်ဖို့ဟာတွေနဲ့ ကောင်းမွန်အောင် ပြင်ဆင်တဲ့အပိုင်းတွေကို စလုပ်ဖြစ်နေပါတယ်။

ဒေါက်တာမိုးကျော်သူပါ။