စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးနေသူတွေ အခက်အခဲမျိုးစုံကြုံနေရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ဝန်းကျင်တောထောင်ထဲက စစ်ဘေးရှောင်ဒေသခံတွေ။ (ဇွန် ၁၊ ၂၀၂၁)

{{Zawgyi/Unicode}}

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည် နယ်ထဲမှာ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေပြီး သူတို့အတွက် လူသားစာနာမှု အကူအညီပေးနိုင်ဖို့လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံရှိနေတယ်လို့ ကိုယ်တိုင်ကူညီနေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လူသားစာနာမှု အကူအညီပေးနေကြသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့ နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ဒုက္ခသည်တွေအတွက် ဆေးဝါး၊ အစားအသောက်ရရှိအောင် ကူညီပေးနေသူတွေ ဘယ်လို အန္တရာယ် အခက်အခဲတွေ ကြုံတွေ့နေရပါသလဲ ... ရန်ကုန် ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့သူအားလုံးဆီ အကူအညီတွေ ပေးပို့နိုင်အောင် အနှောင့်အယှက်ကင်းကင်းနဲ့ အပြည့်အဝ ခွင့်ပေးပါလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။ လူသားစာနာမှုအကူအညီ ပေးနေကြသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုလည်း ကာကွယ်ပေးဖို့ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မေလထဲကစလို့စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေ၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် ၁ သိန်းလောက်ရှိနေပါတယ်။

အစားအသောက်၊ ဆေးဝါး စတဲ့ ဒုက္ခသည်တွေ အလွန်အမင်းလိုအပ်နေတဲ့ လူသားစာနာမှု အကူအညီ ပေးနေကြသူတွေရှိပေမယ့် သူတို့ကိုယ်တိုင် အန္တရာယ်တွေကြားက ကူညီပေးနေကြရပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲက အကူအညီပေးသူတဦးက စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို အဆင့်ဆင့်ဖြတ်ပြီး အကူအညီပေးနေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကို တဆင့်ပေါ့နော်၊ မြို့ကနေတဆင့် ပို့ပေးတဲ့ အဲ့လိုမျိုး ရိက္ခာတွေ ပြန်ပြီးပို့ပေးရတာမျိုးဆိုရင် သူတို့အတွက်က အရမ်းခက်ခဲတယ်ပေါ့နော်၊ ဘာလို့လဲဆိုရင် ဒီလိုလမ်းမျိုးဆိုရင် ဖြတ်ဖို့ဆိုရင် အဲ့လိုမျိုး စစ်ကောင်စီက တားထားတဲ့ဂိတ်တွေ အများကြီးဖြတ်ရတာပေ့ါနော်၊ အဲ့လိုမျိုးဖြတ်ရတယ်ဆိုရင် သူတို့က တခါတလေလည်း တချို့ကားတွေဆိုရင် မိတာမျိုးလည်း ရှိတာပေ့ါနော်၊ မိသွားရင် သူတို့က လုံးဝကြီး သိမ်းသွားတာပေ့ါနော်၊ သိမ်းသွားတယ်။ လူတွေလည်း အဲ့လိုမျိုး သိမ်းသွားတာမျိုး တွေ့ရတယ်ပေါ့နော်၊ သူတို့က မြို့ထဲကလူတွေ တော်တော်များများက အခုဆိုရင် သူတို့က စစ်ဘေးရှောင်စခန်းကို သွားပြီးတော့ မလှူနိုင်တော့ဘူးပေါ့နော်၊ ဘာလဲဆိုရင် မြို့ထဲကနေ ထွက်ဖို့ဆိုတာလည်း အရမ်းခက်ခဲတာပေ့ါနော်။”

ဘောလခဲမြို့နယ်မှာလည်း ပရဟိတ အကူအညီပေးနေတွေဖမ်းဆီးခံရတာရှိပါတယ်။ အောက် တိုဘာ ၇ ရက်နေ့က လွိုင်ကော်ကနေပြန်လာတဲ့ ပရဟိတအကူအညီပေးသူ နှစ်ဦး လမ်းမှာ ပျောက်သွားတယ်လို့ ဘောလခဲ ပရဟိတအကူအညီပေးသူ တဦးကပြောပါတယ်။

“အဲ့ဒီနှစ်ယောက်ရှိမယ်၊ နန်းဖဲက တာဝန်ခံလေးတယောက်ရှိမယ်၊ နန်းဖဲက တာဝန်ခံလေးကတော့ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးတယ်ကြားတယ်၊ အဲ့သလောက်တော့ရှိတယ်၊ ဘောလခဲနဲ့ လွိုင်ကော်ကတော့ အခုချိန်မှာ လမ်းခရီးက ပြတ်တောက်နေတယ်လို့တော့ ပြောလို့ ရတယ်၊ သွားလို့လာလို့ ကားခရီးကိုတော့ တချို့တခါလောက်ရှိပါတယ်၊ သူတို့လည်း သည်းထိတ်ရင်ဖိုသွားနေတယ်၊ အထင်ရှားဆုံးက ဘောလခဲမှာ ဆန်ကတော့ ပြတ်တာပေ့ါလေ၊ လောလောဆယ် ဆန်က သယ်လို့မရတော့ဘူးဖြစ်တဲ့အတွက် တော်တော်အခက်အခဲဖြစ်နေတယ်။”

လွိုင်ကော်မြို့နယ်ဘက်မှာ အကူအညီပေးနေသူတဦးကတော့ ဒုက္ခသည်တွေကို အကူအညီမပေးနိုင်အောင် စောင့်ကြည့်ခံနေရပြီး အကူအညီသွားပေးထားတဲ့ ဓာတ်ပုံတွေတွေ့ရင် ဖမ်းတာမျိုးအထိရှိတယ်လို့ ပြောပြပါတယ်။ ထွက်ပြေးနေသူတွေကို အကူအညီမပေးဖို့ ခြိမ်းခြောက်တာမျိုးတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း စစ်ဘေးဒုက္ခသည်တွေက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတာကြောင့် စစ်ကောင်စီရဲ့ အတားအဆီး အစစ်အဆေးတွေကြားက ခက်ခက်ခဲခဲ သွားရောက်ကူညီရတယ်လို့ ပြောပါတယ်။

“ဒီစစ်ရှောင်တွေကို သယ်ပို့တဲ့အချိန်မှာဆိုရင် ကျမတို့ဆိုလို့ရှိရင် လမ်းခရီးမှာဆိုလည်း သွားလာတဲ့အချိန်မှာလည်း အန္တရာယ်များတယ်ပေါ့နော်၊ အခုတလောဆို ပိုဆိုးတယ် အဖမ်းအဆီးက ပိုများတယ်လေ၊ အဲ့ခါကျတော့ ကိုယ့်အိမ်နားမှာတင် အမြဲတမ်းလာစောင့်တယ်ဆိုရင် ကျမတို့ခိုးသွားတယ်၊ ဒီလိုခက်ခက်ခဲခဲကြားကနေပြီးတော့ ရောက်အောင်တော့ သွားကူပေးကြတာပေါ့နော်၊

တော်တော်တော့ စွန့်စားရတယ်၊ လက်နက်ကြီးကျနေတဲ့အချိန်ဆိုလည်း ကျမတို့အတတ်နိုင်ဆုံးပေါ့၊ လိုအပ်နေတဲ့ဟာတွေကို ကျမတို့ ခိုးပေးရတာတို့ရှိတယ်၊ တိုက်နေတဲ့အချိန်ဆိုလည်း ဒီအစစ်အဆေးတွေကြားကနေ လွတ်အောင်လေး၊ ဟို … လမ်းတွေလည်း ရှောင်ရှားပြီးတော့မှ ကျမတို့ရအောင်တော့ နိုင်သလောက်တော့ သွားကူပေးကြတာပေါ့။”

စစ်ဘေးရန်ကနေ ထွက်ပြေးနေရသူ အရေအတွက်က လျော့မသွားပေမယ့်လည်း ခုလို အခက်အခဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးသူတွေ သိသိသာသာလျော့နည်းလာတယ်လို့ အကူအညီပေးသူတွေက ပြောကြပါတယ်။

Your browser doesn’t support HTML5

စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးနေသူတွေ အခက်အခဲမျိုးစုံကြုံနေရ


=========

{{Unicode}}

စဈဘေးဒုက်ခသညျတှအေတှကျ အကူအညီပေးနသေူတှေ အခကျအခဲမြိုးစုံကွုံနရေ














=========