ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး ကို NLD ပါတီစည်းမျဉ်း စည်းကမ်း ချိုးဖောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရလို့ ခေါ်ယူသတိပေး လိုက်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။ ဘာကြောင့် သတိပေးတာလဲဆိုတဲ့ အတိအကျကို မပြောပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ လွိုင်ကော် ကက်သလစ်သာသနာပိုင်အဖွဲ့က ဝန်ကြီးချုပ်နဲ့ပတ်သတ်ပြီး NLD ပါတီကိုတိုင်ကြားထားတဲ့ ဖြစ်ရပ် ရှိထားပါတယ်။ ဒီသတင်းကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက်မေခကပေးပို့ထားတာပါ။
NLD ပါတီစည်းမျဉ်း စည်းကမ်းကိုချိုးဖောက်တယ်ဆိုပြီးစစ်ဆေးတွေ့ရှိရတဲ့အတွက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုး ကို အရေးယူခဲ့တာ ဖြစ်ပြီး အရေးယူတာမှာလည်း အရေးယူခံရတဲ့ ကာယကံရှင် အနေနဲ့ တိကျတဲ့ ဖြေရှင်းချက် ပေးပိုင်ခွင့်ပေးထားသလို ပါတီဗဟို လူကြီးတွေဘက်က အဆင့် ဆင့် စစ်ဆေးပြီးမှ အရေးယူလိုက်တာဖြစ်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
အရေးယူခဲ့တာနဲ့ပတ်သတ်လို့ မေးတာမှာတော့ ဘာကြောင့် သတိပေးတာလဲဆိုတဲ့ အတိအကျကို မပြောပါဘူး။ ဘယ်လို အပြစ်ပေးလိုက်တာဆိုတာ လည်း ပြောဆိုတာမရှိခဲ့ပါဘူး။ ခေါ်ယူသတိပေးတာနဲ့ပတ်သတ်လို့ ဒေါက်တာမျိုးညွှန့်က
"အခုကလည်းကျနော်တို့ခေါ်ယူသတိပေးတဲ့ သဘောပါ။ ဒါကိုဘဲအရေးယူတယ်ပြောတာပါ။ ဥပဒေကြောင်းအရမှားတာမရှိပါဘူး. ဒါပေမယ့် ပါတီစည်းမျဉ်းအရလိုက်နာရမယ့် ညွှန်ကြားချက်တွေရှိပါတယ်။ အဲတွက်သတိပေးတဲ့ သဘောပါ"
မကြာသေးခင်တုန်းကတော့ ကယားဝန်ကြီးချုပ်နဲ့ ကက်သလစ်သာသနာပိုင် အငြင်းပွားမှုကိစ္စဖြစ်ပွားခဲ့ပြီး လွိုင်ကော် ကက်သလစ်သာသနာပိုင် အဖွဲ့က ဝန်ကြီးချုပ်နဲ့ပတ်သတ်ပြီး NLD ပါတီကိုတိုင်ကြားထားတဲ့ ဖြစ်ရပ် ရှိထားခဲ့ပါတယ်။ ဝန်ကြီးချုပ်က သူ့မဲဆန္ဒနယ် မယ်စဲမြိုှုနယ်ရှိ ယေဇူး ရွှေနှလုံး တော် ကက်သလစ် ဘုရားရှိခိုးကျောင်း မြေဧကဝက်ခန့်ကို သိမ်းယူထားတယ်လို့ စွပ်စွဲခံထားရပါတယ်။ ခေါ်ယူသတိပေးခံရမှု၊ အရေးယူခံရမှုနဲ့ပတ်သတ်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားတာမရှိခဲ့ပါဘူး။
လွိုင်ကော် ကက်သလစ်သာသနာပိုင် ကျောင်းထိုင် ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းကတော့ ဝန်ကြီးချုပ်ကို NLD ပါတီဘက်က ခေါ်ယူသတိပေး ခဲ့တာကို မသိဘူးလို့ ဆိုသလို အခုလို သတိပေးခံရတာကလည်း ဒီမြေယာအငြင်းပွားမှုကြောင့် လားဆိုတာကိုလည်း သူ့အနေနဲ့ တိကျစွာအဖြေ မပေးနိုင်ဘူး လို့ပြောပါတယ်။
ပါတီဘက်ကို တိုင်ကြားခဲ့တာရှိခဲ့ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ပြီးမှသာ စုံစမ်းစစ်ဆေးပေးသွားမယ်လို့ ပါတီဘက်က ပြောခဲ့ကြောင်ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းက ဆိုပါတယ်။ အငြင်းပွားနေတာ၊ တိုင်ကြားခဲ့တာနဲ့ပတ်သတ်လို့ ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းက
"တကယ်တော့ သူ့ကိုယ်ပိုင်အတွက်ပါဘဲ။ အခုလောလောဆယ်က အိမ်လေးဆောက်ထားတယ်။ သူ့အမေ မိခင်အဲမှာနေတာတော့ရှိတယ်။ ကျနော်တို့အငြင်းပွားတဲ့နေရာတဖက်ခြမ်းပေါ့။ သူကတောင်ကျချောင်းကိုခွပြီးယူထားတာလေ။ ကျနော်တို့ပြောတာကတော့ တောင်ကျချောင်းတောင်ဘက်က သာသနာမြေပေါ့။ တခြားဘက်ခြမ်းတော့ယူချင်ယူပေါ့။ တောင်ဘက်က သာသနာမြေမို့ ပြန်ပေးပါလို့တော့ ပြောထားပါတယ်"
ဘုန်းတော်ကြီး အဆိုအရ ဝန်ကြီးချုပ်မဖြစ်ခင် မယ်စဲ့ ပညာရေးမှုး အဖြစ်တာဝန်ယူစဉ်ကတည်းက သာသနာမြေ အတွင်း ခြုံနွယ်ရှင်းကာ ခြံခတ် ခဲ့တာဖြစ်ပြီး အဲထဲက ကန့်ကွက်တာကို လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဖြစ်လာပြီးမှာတော့ အာဏာသုံးကာ စာရွက်စာတမ်းလုပ်ကာ မတရား သိမ်းဖို့လုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
NLD ပါတီ တာဝန်ယူနေစဉ် ကာလအတွင်း ပါတီဘက်က ဝန်ကြီးချုပ် အဆင့်ခေါ်ယူ သတိပေးခဲ့တာ ကယားဝန်ကြီးချုပ်က ဒုတိယမြောက်သတိပေးခံ ရသူဖြစ်ကာ ပထမဆုံး သတိပေးအရေးယူခံရသူကတော့ မွန်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဦးမင်းမင်းဦးက နုတ်ထွက် စာတင်ပြီး ဝန်ကြီးချုပ်ရာထူး ကနုတ်ထွက်ခဲ့ပါတယ်။
Your browser doesn’t support HTML5