ကန္တာရဝတီ သတင်းဌာန အယ်ဒီတာ ရဲညှဉ်းပန်းနှိပ်စက်ခံရမှု ကုလသမဂ္ဂထံ AHRC တိုင်ကြား

ကန္တာရဝတီ သတင်းဌာန အယ်ဒီတာ ရဲညှဉ်းပန်းနှိပ်စက်ခံရမှု ကုလသမဂ္ဂထံ AHRC တိုင်ကြား

နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံရသူတွေကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက နှိပ်စက်ညှဉ်းပန်းပြီး အဓမ္မ ဝန်ခံခိုင်းမှုတွေ ကြုံနေရတဲ့အထဲမှာ မနှစ်က အောက်တိုဘာလထဲမှာ အဖမ်းခံခဲ့ရတဲ့ ကန္တာရဝတီ သတင်းဌာန တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကိုညီညီထွန်း ညှဉ်းပန်း နှိပ်စက်ခံရတာကို မိသားစုတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမဲ့ အခုထိ အရေးမယူတဲ့အတွက် ကုလသမဂ္ဂ နှိပ်စက်ညှဉ်းပန်းမှု ဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက အရေးယူ ဆောင်ရွက်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကောင်စီက မနေ့က နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ကိုညီညီထွန်းကို တဘက်နိုင်ငံရောက် အဖွဲ့အစည်းတွေက ဟတ်ကြီးရေကာတာ၊ ဗဟိုဘဏ်နဲ့ အမေရိကန် စင်တာတွေကို ဗုံးခွဲဖို့ စေလွှတ်ခဲ့တဲ့အကြောင်း နှိပ်စက်ညှဉ်းပန်းပြီး ဝန်ခံခိုင်းခဲ့ပေမဲ့ ဝန်မခံခဲ့တဲ့အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးကနေ အထူးသတင်းတပ်ဖွဲ့ကို ပို့ပြီး တခြားအမှုတွေနဲ့ စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ AHRC က ရှေ့နေ ဦးမင်းလွင်ဦးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ ဦးမင်းလွင်ဦးက အခုလို စပြောပြပါတယ်။

“ဗုံးပေါက်ကွဲတဲ့ ကိစ္စတွေမှာ ပါဝင်တယ်ဆိုတဲ့ စွဲချက်တွေကို မတင်နိုင်တဲ့ အခါကြတော့ ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ရုံးကနေပြီး ဦးညီညီထွန်းကို ဖမ်းမိတဲ့အခါမှာ တယ်လီဖုန်းတလုံး မိတယ်၊ ဆက်သွယ်ရေးစက်တလုံး မိတယ်ဆိုပြီးတော့ ကြိုးမဲ့ကြေးနန်းဥပဒေ ပုဒ်မ ၆/၁ နဲ့ စွဲတင်တယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်တယ်ဆိုပြီး လူဝင်မှု ကြီးကြပ်ရေးဥပဒေ ၁၃/၁ နဲ့ စွဲတင်တယ်။ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်တယ် ဆိုပြီးတော့ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲတယ်။ နောက်ဆုံးမှာတော့ အများပြည်သူတွေ ပြစ်မှု ကျူးလွန်ချင်လာအောင်၊ ထိတ်လန့် ကြောက်ရွံ့အောင် တမင် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) စတဲ့အမှုတွေနဲ့ ရန်ကုန်တိုင်း အထူးသတင်းတပ်ဖွဲ့က အမှုစွဲတင်တယ် ဆိုတာကို ကျနော်တို့ သိရတယ်။”

အမှုအတွက် ဖြောင့်ချက်ယူတဲ့ အခါမှာရော ဘယ်လိုပုံစံနဲ့ ဖြောင့်ချက်ယူတာ တွေ့ရလဲ။

“အဲဒီလိုမျိုး ဖြောင့်ချက်တွေ ရယူတဲ့အခါမှာ ဦးညီညီထွန်းကတော့ ဖြောင့်ချက် မပေးခဲ့တဲ့အတွက် ပိုပြီးတော့ နှိပ်စက်ညှဉ်းပန်းခြင်း ခံရတာ၊ နှိပ်စက်ညှဉ်းပန်းတဲ့ ဒဏ်ကြောင့် ညာဘက်မျက်လုံး တလုံးတောင် မကောင်းတဲ့ အခြေအနေထိ ရောက်တယ်ဆိုတာ ကျနော်တို့ သိရတယ်။

“ဦးညီညီထွန်းကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ် အောင်စိုးနိုင်၊ ဒု-ရဲအုပ် မြင့်သိန်း ဦးဆောင်တဲ့ စစ်ကြောရေး အဖွဲ့ဝင်တွေက မတရား နှိပ်စက် ညှဉ်းပန်းတဲ့အတွက် အဲဒီလိုမျိုး ရရှိတဲ့ ဒဏ်ရာတွေကို သတင်းတပ်ဖွဲ့ရုံးက လွှဲပြောင်းရယူတဲ့ အခါမှာ ဓာတ်ပုံရိုက်တယ်၊ ဆရာဝန် ဆေးစစ်ချက်တွေ ယူတဲ့အထိကို လုပ်ဆောင်ခဲ့တာ တွေ့ရတယ်။

“အဲဒါတွေကြောင့် ဦးညီညီထွန်းရဲ့ ညီမဖြစ်တဲ့သူက သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ စတဲ့ ဌာနအသီးသီးကို တိုင်စာတွေ ပေးပို့ခဲ့သော်လည်း ဘယ်လိုမှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘူး ဆိုတာတွေကို ကြားသိရတယ်။ ဒါကြောင့်လည်း ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လက်အောက်မှာရှိတဲ့ အထူးကိုယ်စားလှယ် တဦး ဖြစ်တဲ့ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖွဲ့ကို ဒီကိစ္စကို အမြန်ဆုံး ဝင်ရောက်စွက်ဖက်ပြီး ဆောင်ရွက်ပေးနိုင်ဖို့ ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်း ဖြစ်ပါတယ်။”

ဦးညီညီထွန်းကို ရုံးတင်ပြီး တရားစွဲဆိုတဲ့အခါမှာ လက်ခံတဲ့ တရားသူကြီးတွေကရော ဒီကိစ္စတွေကို စစ်ဆေး မေးမြန်းတာတွေ လုပ်တယ်လို့ မကြားဘူးလား။

“ကျနော်တို့ ပြောရမယ်ဆိုရင် ဒေါက်တာဝင့်သူရဲ့ အမှုမှာ ကိုဝေဖြိုး ဆိုတဲ့သူ တယောက်ရယ်၊ ပြီးတော့ သန်းမြင့်အောင်၊ ဖြိုးဝေအောင်၊ အခုတခါ ကိုညီညီထွန်း၊ စတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီး အရေးယူခြင်း ခံရတဲ့သူတွေကို မတရား နှိပ်စက်ညှဉ်းပန်းပြီးတော့ ဖြောင့်ချက်တွေကို တရားရုံးတွေမှာ ရယူတယ်။ အဲဒီဖြောင့်ချက်တွေပေါ်မှာ မူတည်ပြီးတော့ အပြစ်ပေးတယ်ဆိုတာ ကျနော်တို့ သိရတယ်။

“အဲတော့ ဖြောင့်ချက် ရယူတဲ့ အခါမှာလည်း တရားသူကြီးတွေက ဥပဒေ ပြဋ္ဌာန်းချက်တွေအတိုင်း မေးမြန်းရမယ့် မေးခွန်းတွေကို မမေးမြန်းခဲ့ဘူး။ ဥပမာ မတရား သြဇာလွှမ်းမိုးခြင်း ခံရလို့ ပေးတာလား၊ နှိပ်စက်ညှဉ်းပန်းခြင်း ခံရလို့ ဒီဖြောင့်ချက်ကို ပေးတာလား ဆိုတာတွေကို ဖြောင့်ချက်ရယူတဲ့ တရားသူကြီးက တရားခံတွေကို မေးရမှာဖြစ်တယ်။ သို့သော်လည်း အဲဒီလို မေးမြန်းခဲ့ခြင်း တစုံတရာ မရှိခဲ့ဘူး ဆိုတာကို အမှုတွဲ မှတ်တမ်းတွေအရ သိရှိရတယ်။

“ရဲက သင်ပေးတဲ့အတိုင်း ဖြောင့်ချက် မပေးဘူးဆိုရင် ဒီလူကို စစ်ကြောရေးစခန်းကို ပြန်ခေါ်သွားပြီးတော့ ထပ်မံ နှိပ်စက်ညှဉ်းပန်းတယ်။ သူတို့လိုချင်တဲ့အဖြေ ရတဲ့အထိ ပြောတယ်ဆိုမှသာ နောက်တခါ ရုံးကို ထပ်ထုတ်ပြီး တရားသူကြီးဆီမှာ ဖြောင့်ချက်ယူတယ် ဆိုတာတွေကို ကျနော်တို့ သိနေရတယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူး၊ တရားဥပဒေရဲ့ အကာအကွယ်ကို ပြည်သူတွေ ခံစားနိုင်ခွင့် မရှိတော့ဘူး ဆိုတာတွေကို တွေ့နေရတာ ဖြစ်တယ်။”

အခု ကုလသမဂ္ဂ UNOG အဖွဲ့ကနေ ဘာအရေးယူ ဆောင်ရွက်တာမျိုးများ ရှိပါသလဲ။

“အခု လတ်တလော အနေနဲ့တော့ မြန်မာနိုင်ငံ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးတွေမှာ တင်ပြတယ်၊ ပြောဆိုတယ်။ ဒီ့အပြင် ကျနော်တို့ ပိုပြီးတော့ မလုပ်နိုင်သေးပါဘူး။ သို့သော်လည်း အခု ဒီဘက်က တင်ပြသလိုမျိုး မြန်မာနိုင်ငံက အသစ်ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး အဖွဲ့က နောင်လာမယ့် အစည်းအဝေးတွေမှာ လူ့အခွင့်အရေး အစီရင်ခံစာတွေကို သူတို့ကိုယ်တိုင် တယ်မယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒီလိုမျိုး တင်လာပြီဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဘယ်ကိစ္စရပ်တွေကို ပြတ်ပြတ်သားသား ဖိအားပေးပြီးတော့ ပိုပြီးတော့ လုပ်ရတော့မယ် ဆိုတာတွေကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။”

AHRC အာရှ လူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။