[Zawgyi/Unicode]
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲတွေ ၁၁ ရက်မြောက်နေ့အဖြစ် ဒီနေ့လည်း ဆက်ဖြစ်နေပါတယ်။ ညနေပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အခြေအနေတွေ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲတွေဟာ ဒီနေ့ဆိုရင် ၁၁ ရက်မြောက်ရှိနေပါပြီ။ ကုန်းလောရွာဘက် လက်နက်ကြီးတွေပါ ကျနေတယ်လို့ ဒေသခံတစ်ယောက် ဗွီအိုအေကို အခုလို ပြောပါတယ်။
“လက်နက်ကြီးသံတွေကတော့ ပြင်းထန်နေဆဲမှာပဲ ရှိတယ်ပေါ့နော်။ မိုးမောက်ကရော၊ ဗန်းမော်ကရော ကြားနေရတယ်။ ကုန်းလောရွာထဲတော့ လက်နက်ကြီးကျတာကတော့ ကျနေဆဲလို့ ပြောတယ်။ နောက်တစ်ခုက ရွာထဲက လူတွေက အရမ်းစိုးရိမ်နေတာက ဘာလဲဆိုတော့ ဒီ ရွာကို မီးရှို့ပစ်မယ်ဆိုပြီးတော့မှ သတင်းထွက်နေတာပေါ့။ အဲဒါကို ရွာက အရမ်းစိုးရိမ်နေကြတာပေ့ါ။”
KIA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေနဲ့ ပတ်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ဒီကနေ့ကတော့ ခါတိုင်းတိုက်ပွဲဖြစ်တဲ့ မြို့သစ်၊ ကုန်းလောဘက်မှာ ဒီမနက်က မြေပြင်တိုက်ပွဲ ခဏလေး ရှိပါတယ်။ နေ့လယ်ပိုင်းလောက်ဆိုရင်တော့ ပြန်ငြိမ်သွားပြီ။ ဒီလေကြောင်းတိုက်ခိုက်မှုလည်း မရှိဘူး။ လက်နက်ကြီးနဲ့ ပစ်တာလည်း မရှိဘူး။ ပုံမှန်လေးတော့ ပစ်မှာပါ။ ဒါပေမဲ့ တိုက်ပွဲပုံစံလောက်တော့ မရှိဘူးလို့ ပြောကြတယ်။ အဲဒါ ဘာသဘောလည်းတော့ မသိဘူးခင်ဗျ။ နည်းနည်းပြန်ငြိမ်နေတယ်။”
SEE ALSO: ဟားခါး စစ်ကောင်စီကင်းစခန်း တခုကို ချင်းကာကွယ်ရေးတပ် ထပ်မံတိုက်ခိုက်မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာအနီးက စလောင်းကုန်းခေါ် ဆက်သွယ်ရေးမျှော်စင်ကုန်းမှာ ဧပြီလ ၂၄ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက် လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်ခဲ့ပြီး မေ ၃ ရက် တနင်္လာနေ့ကတော့ KIA ဘက်က စစ်ရဟတ်ယာဉ်တစ်ဦးကို ပစ်ချခဲ့လို့ လေတပ်က ၃ ယောက်သေဆုံးခဲ့ပါတယ်။ တနင်္လာနေ့မှာပဲ ကုန်းလောရွာမှာ လက်နက်ကြီး ကျည်ကျတာကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်ပြီး အရပ်သား ၂ ဦး သေဆုံးခဲ့သလို ကျန် အရပ်သား ၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တနင်္လာနေ့ ညပိုင်းမှာ မန်စီမြို့ ရဲစခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ် ရဲမှူးတစ်ဦး သေဆုံးခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ KIA က ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အောက်ခြေက သတင်းတက်လာတာ မရှိဘူးလို့ ပြောပါတယ်။
ဒီကနေ့ အင်္ဂါနေ့ ညနေခင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ၃ မိုင်လောက်အကွာ မန်ဘန်ရွာအနီးမှာလည်း ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲဟာ တပ်မတော်နဲ့ KIA ဖြစ်နိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းကြပါတယ်။
“မန်ဘန်ရဲ့ ဟိုဘက် ကျောက်တောင်ကြီးနားမှာ ၃ နာရီလောက်က စဖြစ်တာဗျ။ အဖွဲ့ကတော့ ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီဘက်မှာ လှုပ်ရှားနေတာဆိုရင်တော့ KIA...၊ KIA ပဲလို့ထင်ပါတယ်။ အခုတော့ နားသွားပြီဗျ။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ နားသွားတာ။”
ဒါပေမဲ့ KIA ဘက်ကတော့ သတင်းမရသေးဘူးလို့ ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ KIA ကချင်တပ်ဖွဲ့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတာဖြစ်ကြောင်း ဒေသခံတချို့ကပြောဆိုပေမဲ့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းမရရှိဘူးလို့ ဆိုပါတယ်။
“ကျနော့်ဆီမှာတော့ ဘာသတင်းမှ မတက်သေးဘူး။ ဘာမှ မကြားရသေးဘူး။ ကျနော်တို့ ဒီတိုက်ပွဲ သတင်းက။”
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူမြို့နယ်ဘက်တွေမှာတော့ TNLA တအန်း (ပလောင်)၊ SSPP ရှမ်းမြောက်ပူးပေါင်းတပ်တွေနဲ့ RCSS ရှမ်းတောင် တပ်တွေအကြားမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ ဒီလ ၂ ရက်နေ့ကတော့ နမ္မတူမြို့နယ် မန်လီကျေးရွာမှာ RCSS ရှမ်းတောင် တပ်ဖွဲ့တွေက အိမ် ၄၀ ကျော်ကို မီးရှို့သွားကြောင်း ဒေသခံတွေက ဆိုပါတယ်။
“မန်လီ ကျေးရွာမှာပေါ့။ ခု မီးလောင်သွားတာ ၄၄ အိမ်၊ ၂ ရက်နေ့ည ၉ နာရီခွဲ ဝန်းကျင်လောက်။ သူတို့ စပြီးတော့ ရှို့တာပေါ့။ အရင်တုန်းက ၅ အိမ်ပေါ့။ စုစုပေါင်း အခု ၄၉ အိမ်ပေါ့။”
နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ မတ်လကုန်ပိုင်းလောက် စတင်ပြင်းထန်ခဲ့ပြီး ဒီတိုက်ပွဲအတွင်းမှာ ပန်လုံကျေးရွာအုပ်စု မန်ကျန်းရွာမှာ အိမ်ခြေ ၄၅ အိမ်၊ မန်ဆာရွာမှာ ၁၃ အိမ်မီးလောင်ခဲ့ကြောင်း ဒေသတွင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားသလို ဒီတိုက်ပွဲဖြစ်ပွားချိန်ကာလမှ ဒေသခံ ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
Your browser doesn’t support HTML5
[Unicode Version]