ကချင်ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တာကြောင့် တရုတ်၊ မြန်မာ နယ်စပ်ဒေသမှာ ရောက်ရှိနေကြတဲ့ ကချင်ဒုက္ခသည် ၁၅,၀၀၀ ကျော် ရေရှည် ဆက်လက် ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာက ထောက်ပံ့ကူညီပေးဖို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT) က တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်မှာ တိုက်ပွဲတွေ ရပ်စဲအောင် တွန်းအားပေးဖို့ကို တောင်းဆိုထားပါတယ်။ လက်ရှိ စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာအစိုးရတပ်တွေ အကြားမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး စစ်ပွဲဖြစ်ပွားရာ ဒေသက ကချင်ဒေသခံတွေဟာ စစ်ပွဲလွတ်ရာ KIA ဌာနချုပ် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ တရုတ်၊ မြန်မာ နယ်စပ်က ဆွေမျိုးတွေရှိရာ ကျေးရွာတွေအပြင် မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့ မြို့တွေကိုလည်း ထွက်ပြေး ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ခက်ခဲနေတာကြောင့် သူတို့ရဲ့ ရေရှည် စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေးတွေအတွက်ဆိုရင် နိုင်ငံတကာက ထောက်ပံ့ ကူညီပေးဖို့ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ကချင်အမျိုးသမီး အစည်းအရုံးက ကြေညာချက်ထုတ်ပြန် ပန်ကြားထားပါတယ်။

ကချင်အမျိုးသမီး အစည်းအရုံးရဲ့ ပန်ကြားချက်ကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရှယ်လီဆိုင်းက အခုလို ပြောပါတယ်။

“ကချင်ပြည်နယ်က ထွက်ပေါက်ဆိုရင်တော့ တရုတ်ပြည်ပေါ့၊ တရုတ်ပြည်ကလည်း လက်မခံဘူးဆိုတော့ နိုင်ငံတကာကို တောင်းဆိုချင်တာက ဒုက္ခရောက်နေတဲ့ Refugees တွေကို အထောက်အကူပေးဖို့၊ နောက် တနိုင်ငံလုံး Cease Fire ပေါ့၊ တိုက်တွန်းပေးဖို့ပေါ့၊ မြန်မာပြည် အစိုးရကိုလည်း၊ အထူးသဖြင့် တရုတ်ကိုလည်းပေါ့၊ အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တော့ အစိုးရကို အားလုံး Cease Fire လုပ်နိုင်အောင် တိုင်းပြည် အေးချမ်းစေချင်ပါတယ်။ စစ်ဖြစ်နေပြီဆိုရင် အကုန်လုံး ဒုက္ခရောက်ပါတယ်။”

အခုလို ဒုက္ခသည်တွေ ထွက်ပြေးကြရတာဟာ အစိုးရစစ်တပ်က ဒေသခံတွေကို ပေါ်တာဆွဲတာ၊ မသင်္ကာသူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေကြောင့်လို့ ကချင်အမျိုးသမီးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KIA ဌာနချုပ် လိုင်ဇာမြို့က ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆာကလည်း နိုင်ငံတကာ အကူအညီ ရမှသာ ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ KIA ကနေ ငွေရေး ကြေးရေး ထုတ်ထားတာ ရှိတယ်။ နောက် ဘာသာရေး အသိုင်းအဝိုင်းတွေရော၊ နောက် ဆွေမျိုး၊ လူမျိုးရေးအရ အိမ်နီးချင်း ဒီပတ်ဝန်းကျင်ရော ငွေရေး ကြေးရေးနဲ့ ဆန်တွေ တခြားပစ္စည်းတွေ ထောက်ပံ့တာ ရှိပါတယ်။ ဒီလောက်နဲ့ပဲ ကျနော်တို့က ပံ့ပိုးတာ ရှိပါတယ်။ ရေရှည်ဆိုရင်တော့ ကျနော်တို့ အဖွဲ့အစည်းရော ဒီပတ်ဝန်းကျင်က လူမှုရေး အဖွဲ့အစည်းနဲ့တော့ ကျနော်တို့ တာဝန်ယူဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ဒီလိုပဲ တွက်ရတယ်။”

လိုင်ဇာမှာ ကချင်ဒုက္ခသည် ၅,၀၀၀ ကျော် ရှိနေပြီး သူတို့ကို ဒုက္ခသည်စခန်း ၄ ခုမှာ နေရာချထားပေးတာ ဖြစ်ပါတယ်။ ရောက်ရှိနေတဲ့ လူဦးရေနဲ့ စခန်းနေရာ မမျှတတာကြောင့် စခန်းသစ်တွေ တည်ဆောက်ပြီး မနေ့က လူ ၂၀၀ ကျော်ကို စတင် ပြောင်းရွှေ့ခဲ့ပါတယ်။

ကျန်သူတွေကိုလည်း ဆက်လက် ပြောင်းရွှေ့ရမှာ ဖြစ်တာကြောင့် စခန်းသစ်တွေ တည်ဆောက်ဖို့ အိမ်ဆောက်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“စခန်းဆောက်ဖို့ ဆိုရင်တော့ ကျနော်တို့ အိမ်ဆောက်ဖို့ ပစ္စည်းတွေရော၊ နောက် သူတို့က ဒီမှာ နည်းနည်း အချိန်ယူပြီးမှ နေရမယ်ဆိုတော့ သောက်သုံးရေတွေကို ကောင်းကောင်းသွယ်ပေးရမယ်။ ကျန်းမာရေးအရ ရေကို ကျိုသောက်ရမယ်ဆိုတော့ အသုံးပစ္စည်းတွေပေါ့ ဒါတွေ လိုနေတယ်။ နောက် ကျန်းမာရေးအရလည်း ကျနော်တို့ ကြည့်ရှုစောင့်ရှောက်မှ ကောင်းနိုင်တယ်ဆိုတော့ လောလောဆယ် လိုတာတော့ ဒီလိုရှိပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က လိုင်ဇာမြို့ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေအတွက် တရက်ကို ကျပ်ငွေ သိန်း ၂၀ ထောက်ပံ့ထားရတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းက မိုင်ဂျာယန် ဒေသဘက်မှာလည်း ဒုက္ခသည် ၄,၀၀၀ ကျော်လောက်ဟာ ပြင်ပက အကူအညီ မရတာကြောင့် စားရေး သောက်ရေး အခက်အခဲ ဖြစ်လာနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့က မမေလီအောင်က ပြောပါတယ်။

“အခု ကျမတို့အဖွဲ့ ဝန်ပေါင်နိန်းထွဲအဖွဲ့က ကူညီပေးနေတာတော့ လူပေါင်း ၄,၀၀၀ ကျော်သွားပြီ။ သွားကူရတာ ဒီက ရှိသလောက်ဟာတွေလည်း ကုန်လာတော့မယ်။ ပြောမယ်ဆို ကချင်အသိုင်းအဝိုင်းလောက်ကတော့ တတ်နိုင်သလောက် လုပ်တယ်။ ဒါပေမဲ့ နိုင်ငံတကာကလည်း ဘာမှ ဝင်မလာဘူး၊ ဘယ်အဖွဲ့ကမှလည်း မလာဘူး၊ ပြည်တွင်းကလည်း မလာဘူး။ အစတုန်းက နည်းနည်းပါးပါး ဆက်သွယ်တာတွေ ရှိတယ်။ အခုနောက်ပိုင်းတော့ အစိုးရက ပိတ်ပင်လိုက်လို့လား မသိဘူး၊ ဘယ်သူမှ ဆက်သွယ်မလာတော့ဘူး။ ဆိုတော့ ဒုက္ခသည်တွေရဲ့ စားရေး သောက်ရေး နေရေး ထိုင်ရေး အခက်အခဲ ဖြစ်လာတာပေါ့။”

KIA နဲ့ မြန်မာအစိုးရတပ်တွေ အကြား အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် ပြီးခဲ့တဲ့ လလယ်ကတည်းက ဆွေးနွေးတာတွေ ရှိခဲ့ပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာ ဖြစ်ပါတယ်။