မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွါးရာ ကချင်ပြည်နယ်မိုးကောင်းမြို့နယ် နမ္မတီးမြို့က ဘာသာရေးအသင်းမှာ တိမ်းရှောင်နေတဲ့ ကဆုန့်ရွာသား တထောင်ကျော်ကို မနက်ဖြန်မှာ နေရပ်ပြန်ဖို့ပေးဖို့ စီစဉ်နေ ကြပါတယ်။ ဒေသခံတွေ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ အစိုးရနဲ့KIO အကြား ဝင်ရောက် ညိျှနှိုင်းဖို့ လုပ်ဆောင် နေတယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးခရစ်ယာန်အသင်းတော်တွေမှာတိမ်းရှောင်နေရတဲ့ ကဆုန့်ကျေးရွာသား၁၀၀၀ကျော်ဟာ မနက်ဖြန်မှာ နေရပ်ပြန်ဖို့စီစဉ်နေဆဲလို့ အသင်းတော်တာဝန်ရှိသူတဦးဖြစ်တဲ့ဆရာသောမတ်ကပြောပါတယ်။
“မနက်ဖြန်ပြန်ဖို့တော့လုပ်ထားတယ်။ ရွာပြန်ဖို့ကအရေးကြီးတယ်ဆိုပြီးမှ ဒီPCG အဖွဲ့က နှစ်ဖက်အစိုးရစစ်တပ်ရယ်။ KIA KIOအဖွဲ့ အစည်းတွေကို သူတို့ကြားကနေ ညှိနှိုင်းဆောင်ရွက်ပေးတာတွေ အခု အားလုံးအဆင်ပြေလို့အခုပြန်ဖို့အတွက်လုပ်နေကြတာပါ။ အခုကျွန်တော်တို့ ကားစီစဉ်နေတာဘဲရှိပါတယ် မနက်ဖြန်သွားဖို့အတွက်။ အားလုံးလူဦးရေတထောင်ကျော် ဒီမှာအခုသူများ NGO ကနေ အလှူရှင်ကနေ လာလှူထားတဲ့ပစ္စည်းတွေရောဆိုရင်ကျွန်တော်တို့ ကားအစီး(၁၀၀)လောက်မှအဆင်ပြေမယ်ထင်တယ်။”
ပြီးခဲ့တဲ့ သြဂုတ်လ(၁၁)ရက်နေ့တုန်းက KIAတပ်ရင်း(၁၁)ထိမ်းချုပ်မှုအောက်မှာရှိတဲ့ ကဆုန့်ရွာအတွင်းကို တပ်မတော်ဘက်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတထောင်ကျော်ဟာ နမ္မတီးခရစ်ယာန်အသင်းတော်နဲ့ ကက်သလစ်ကျောင်း တွေမှာ စစ်ရှောင်လာကြတာ ဒီကနေ့ပါဆို (၁၀)ရက်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။
အခုလိုစစ်ရှောင်ရွာသားတွေနေရပ်ကိုအေးချမ်းစွာပြန်နိုင်ရေးနဲ့ ရှေ့ဆက်နေထိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ အစိုးရနဲ့KIOအကြားညှိနှိုင်းသွားမယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာကပြောပါတယ်။
“အခုကျွန်တော်တို့နှစ်ဦးနှစ်ဖွဲ့ကိုညှိနှိုင်းတာဖြစ်တယ်။ KIOအဖွဲ့တဖွဲ့အနေနဲ့လဲ သူတို့တပ်ရင်းနေရာမှာနေပြီးတော့မှ ရွာ တွေမှာ အတတ်နိုင်ဆုံးရှောင်တိမ်းပြီးတော့မှ သွားလာဖို့ ကျွန်တော်တို့လဲ သူတို့ကိုညှိနှိုင်းဖို့အစီစဉ်ရှိတယ်ဗျ။ နောက်ပြီးဒီဘက်က အစိုးရအဖွဲ့တွေကိုလဲဘဲ သူတို့ရွာသားတွေရှိတဲ့နေရာမှာ စစ်ကြောင်းတွေအနေနဲ့မသွားရောက်ဖို့အတွက်ပေါ့လေ။ အဲတာတွေ ကျွန်တော်တို့ဆက်လက်ဆွေးနွေးပြီးတော့မှ ကချင်ပြည်နယ်အစိုးရနဲ့တဆင့်ပြန်ညှိနှိုင်းဆွေးနွေးဖို့တော့ရှိတယ်ဗျ။”
စစ်ဘေးရှောင်တွေအနေနဲ့ဒေသရင်းကို အေးချမ်းစွာပြန်နိုင်ပြီးဆိုပေမဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ကင်းကင်းရှင်းနေဖို့ ပြီးခဲ့ တဲ့သြဂုတ်လ(၁၆)ရက်နေ့က စစ်ဘေးရှောင်တွေ ကချင်ဘာသာရေးအသင်းတော်တွေနဲ့ တွေ့ဆုံမှုမှာ မိုးကောင်းနယ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခမှူးဗိုလ်မှူးကြီး ကျော်ခိုင်ထွန်းကနေ ပြောဆိုမှုတွေလဲရှိနေပါတယ်။
ဒေသခံရွာသားတွေအနေနဲ့ ငြိမ်းချမ်းရေးအတွက်အာမခံချက်ဘယ်လိုရှိလာမလဲဆိုတာ မသိရှိသေးပေမယ့် ငြိမ်းချမ်းရေးကိုလိုချင် တယ်လို့ စစ်ရှောင်ရွာသားတဦးကပြောပါတယ်။
“ ကျွန်တော်တို့ရွာသားတယောက်အနေနဲ့ကျွန်တော်တို့နေထိုင်တဲ့ နေရာမှာတော့ ပိုပြီးငြိမ်းချမ်းတဲ့နေရာဖြစ်ချင်တာပေါ့။ ငြိမ်းချမ်းရေးဘဲလိုချင်တယ်ကျွန်တော်တို့က။”
ရွာပြန်စစ်ရှောင်ရွာသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်ကချင်ဘာသာရေးအသင်းတော်ခေါင်းဆောင်တွေ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေကနေ ကချင်ပြည်နယ်အစိုးရအပါအဝင်တပ်မတော်နဲ့ဆက်လက်ညှိနှိုင်းသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ရှောင်ရွာသားတွေကိုအကူညီပေးဖို့ ဖါးကန့် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ပစ္စည်းတင်ဆောင်လာတဲ့ ကားတွေကို ကားမိုင်းဂိတ်မှာ တပ်မတော်ဘက်ကနေ ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာ တားဆီးခဲ့ပါတယ်။
လက်ရှိထိန်းသိမ်းထားတဲ့ကား(၄)စီးကို ပြန်လည်ပေးအပ်ဖို့ကချင်ပြည်နယ်အစိုးရကို တောင်းဆိုသွားမှာဖြစ်သလို စစ်ရှောင်တွေ အတွက် ကား(၄)စီးစာ ပစ္စည်းတွေကို နမ္မတီးစစ်ရှောင်စခန်းကိုပေးအပ်ကူညီခဲ့ပြီးလို့ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးလမောင်လ တောင်ကပြောပါတယ်။
“ကျွန်တော်တို့ကား(၄)စီးနဲ့ အဲဒီမှာပါတဲ့ပစ္စည်းအားလုံးကိုသူတို့ကအရေးယူထားပါတယ်။ သူတို့ကသိမ်းထားပါတယ်။ အဲတာ ကို ပြည်နယ်မှာဘဲသွားရှင်းပေါ့။ ကျွန်တော်တို့အခုက(၄)စီးကျန်တဲ့အခါကျတော့ (၄)စီးမှာရှိတဲ့ပစ္စည်းတွေကျတော့အခု စစ်ရှောင် စခမ်း ကို မနေ့ကပေးပြီးပါပြီး။ ခုလောလောဆယ်ကျွန်တော်တို့လဲ အခုနမ္မတီးမှာပေါ့လေ။”
လက်ရှိကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ် သလို KIOဘက်ကလဲ မိုးကောင်း မြစ်ကြီးနား တနိုင်းလမ်းကြောင်းပေါ် KIA တပ်ရင်း ၁၁ ထိန်းချုပ်နယ်မြေအတွင်းက နမ့်ခန်း၊ ချောင်းရိုးတလျှောက်မှ ခမွတ်ချောင်း၊ ဖေါ်ကျန်ကုန်းအထိ၊ ဖေါ်ကျန်ကုန်းမှ နမ္မတီးချောင်း၊ ရှန်ခချောင်းဖျား၊ မိုင်စော်ခက် ၊ပိတောင် တောင်အထိ ၊လက်ထောက်ချောင်း၊ ရီတောင်ချောင်း၊ ဝါရောင်တောင် တာရိုးယာန်၊ ဂျောင်ဒေါ့၊ ရှာလဲန်ခက်၊ ဖုန်အင်ချောင်းအထိ နယ်မြေကို သွားလာခွင့်နဲ့ သစ်ခုတ်သားငါးရှာဖွေခွင့်ကို သြဂုတ်လ(၁၈)ရက်စွဲနဲ့ တားမြစ်နယ်မြေအဖြစ် ကြေညာထားပါတယ်။
KIOနဲ့မြန်မာ့တပ်မတော်တို့ဟာ ၂၀၁၁ခုနှစ်ကစပြီး တကျော့ပြန်စစ်ရေးတင်းမာတာဖြစ်ပြီး NCAအပစ်ရပ်စာချုပ်ကို လက်မှတ်ရေး ထိုး နိုင်ခြင်းမရှိသေးပါဘူး။
စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ သယ်လာတဲ့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ကားတွေ တားမြစ်အရေးယူခံရတာနဲ့ပတ်သက်လို့တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ အခု ညနေပိုင်းမှာပဲ ကြေညာချက်ထုတ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ကားတွေထဲက လေးစင်းဟာ တရားမဝင်လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး၊ အဲဒီပေါ်က အထောက်အပံ့အကူအညီတွေကို အစားထိုးမော်တော်ယာဉ်တွေနဲ့ သယ်ဆောင်ဖို့ စီစဉ်ပေးတာကို လက်မခံခဲ့ကြဘူးလို့ ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက လူ ၃၁ ဦး လိုက်ပါလာတဲ့ မော်တော်ယာဉ် ၈စီးပါ ယာဉ်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ တပ်မတော်တို့ ပူးတွဲ စစ်ဆေးရာမှာ၊ မော်တော်ယာဉ် လေးစင်းဟာ လိုင်စင်မဲ့ဖြစ်နေတာကို စစ်ဆေးတွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒီကိစ္စကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာဖြစ်ပြီး၊ ထောက်ပံ့ရေးပစ္စည်းတွေကိုတော့ကချင်ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆက်လက်ပို့ဆောင်နိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သူ့ရဲ့ တရားဝင် facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5