ကချင်ငြိမ်းချမ်းရေးအတွက် အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲ

ကချင်ငြိမ်းချမ်းရေးအတွက် အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲ (ဓါတ်ပုံ-Gum san)

မြန်မာနိုင်ငံမှာ ကချင်တိုင်းရင်းသားတွေ အပေါ်ဖိနှိပ်မှုတွေ အဆုံးသတ်စေရေး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်ရှေ့မှာ ကချင်၊ မြန်မာနဲ့ အခြားတိုင်းရင်းသားတွေစုပေါင်းပြီး ၂၄ နာရီကြာ အစာရှောင်ဆန္ဒပြပွဲ ကျင်းပနေပါတယ်။

တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်တွေထွက်ပြေးနေရတဲ့ အခြေအနေကို အမေရိကန်အစိုးရသာမက ပြည်သူတွေပါ သိရှိ ပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကို ဖိအားပေးလာအောင် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူတွေကပြောပါတယ်။ မေလ ၁၁ ရက်နေကနေ ၁၂ ရက်နေ့ထိပြုလုပ်နေတဲ့ သမ္မတအိမ်ဖြူတော်ရှေ့က ဆန္ဒပြပွဲမှာ ကိုယ်တိုင်ရောက်ရှိသတင်းယူနေတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်ရှေ့မှာ ကချင်တိုင်းရင်းသားတွေက ကချင်ပြည်နယ်မှာ ပဋိပက္ခတွေအမြန်ဆုံးရပ်တန့်ရေးနဲ့ စစ်ဘေးဒုက္ခသည် အရေးကို အမေရိကန်ပြည်ထောင်စုသာမကာ၊ အမေရိကန်ပြည်သူတွေပါ သိရှိပြီးတော့ ဝိုင်းဝန်းကူညီဖို့ Awareness Campaign သဘောမျိုးပေ့ါ အဲဒီအတွက်စပြီးတော့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ထူးခြားချက်က အစာရှောင်ဆန္ဒပြကြမှာပါ။ ဒီလိုဆန္ဒပြပွဲနဲ့ ထူးခြားချက်အပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ လည်းဖြစ် ဆန္ဒပြပွဲစီစဉ်တဲ့ Gum San ကအခုလိုပြောပါတယ်။

"ဒီဟာကတော့ အမေရိကန်ပြည်သူတွေကို တိုက်ရိုက်လှုံ့ဆော်မှုပေါ့နော်။ နောက်မြန်မာပြည်မှာ ဖြစ်နေတဲ့အရာတွေကို ကျနော်တို့ ဝေစာတွေပေးပြီးမှ ပြောဆိုတယ်။ မြန်မာပြည်မှာ အနောက်ပိုင်းမှာသာဖြစ်တာမဟုတ်ဘူး မြောက်ပိုင်းမှာလည်း လူ့အခွင့်အရေးချိုးဖောက်တဲ့ Crime Against Humanity လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်ဆိုတာ ကျနေ်ာတို့ အမေရိကန်ပြည်သူတွေကို အမေရိကန်ရဲ့ အထင်ကရနေရာ White House နေရာမှာ လုပ်ပါတယ်။ နောက်တခုကတော့ ခုန ကျနော်တို့ပြောတဲ့အတိုင်း အစာရှောင်တယ်ဆိုတာကတော့ ကျနော်တို့ပြည်တွင်းမှာ ကချင်ပြည်နယ်မှာအခု တိမ်းရှောင်နေတာ ၂၀၀၀ ကျော် ရှိတာပေါ့နော်။ သူတို့နဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်။ ထပ်တူထပ်မျှ ခံစားနေရပါတယ်ဆိုတာကို ဖော်ဆောင်ချင်လို့ နောက်တခုကတော့ ကျနော်တို့က ခရစ်ယာန်များတယ်ဆိုတော့ အစာရှောင် ဆုတောင်းခြင်းအားဖြင့် ဒီကိစ္စက အရေးကြီးတယ်ဆိုတာကို ကျနော်တို့ပြခြင်းဖြစ်ပါတယ်။

မေး။ ။ အခုအိမ်ဖြူတော်ရှေ့မှာလည်း ဒီကိုလာပြီးတော့ လည်ပတ်ပြီးတော့ လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားတွေ ၊ ကျောင်းသူကျောင်းသားတွေလည်းအများကြီးတွေ့ရတယ်။ အဲဒီမှာ ထူးထူးခြားခြားနဲ့လာပြီးမေးတာမြန်းတာတွေလည်းတွေ့ရတယ်။ သူတို့တုံ့ပြန်ချက်တွေကို ဘယ်လိုထင်သလဲရှင့်။

Gum San။ ။ ဟုတ်ကဲ့ တချို့ကတော့ မြန်မာပြည်မှာဖြစ်နေတာတွေတော့သိတာပေါ့နော် ဒါပေမယ့် ဒီလိုဒုက္ခရောက်နေတဲ့အထဲမှာ ခရစ်ယာန်တွေပါဝင်နေတယ်ဆိုတာ မသိကြဘူး။ ကျနော်တို့ခရစ်ယာန်တွေက အချင်းချင်းဆုတောင်းခြင်းဆိုတာ ရှိတယ်ခင်ဗျ။ အဲလိုမျိုးလူတွေကို ဆုတောင်းပေးဖို့ နောက်တခုကတော့ ကိုယ့် လွှတ်တော်အမတ်တွေကို စာရေးပေးဖို့ ICC ကိစ္စမှာရော အမေရိကန်ကနေ အင်တိုက်အားတိုက် ပါဝင်ဖို့ ၊ နောက်တခုကတော့ Sanction ကိစ္စလည်း ပါဝင်ပါတယ်။ Sanction မှာရော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Sanction ပြန်ထည့်ပေးဖို့ တိုက်တွန်းစာတွေရေးပေးဖို့ တောင်းဆိုတာပါ။

မေး။ ။ ကချင်မှာ ခရစ်ယာန်ကိုးကယ်တဲ့သူအများစုရှိနေတာမှန်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်မို့ ဖိနှိပ်တယ်ဆိုတာ ဘယ်လိုလို့ ပြောနိုင်တာပါလဲ။

Gum San။ ။ ကျနော်တို့မှာ ခရစ်ယာန်ဘုရားကျောင်း ၂၀၀ ကျော်ဖျက်ဆီးခံရတယ်ခင်ဗျ ။ နောက်တခုကတော့ ကချင်ပြည်နယ်မှာ အထင်ကရတောင်ကုန်းတွေမှာ အားလုံးက ဗုဒ္ဓဘာသာ ကျောင်းတွေ၊ ဘုရားတွေဆောက်တာတွေဖြစ်တယ်ခင်ဗျ။ အဲလိုဆိုတော့ ဘာသာရေးနဲ့ မဆက်နွယ်ဘူးလားလို့ ပြောလို့မရတဲ့အခြေအနေတွေရှိပါတယ်။ ကျနေ်ာတို့ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ခွင့်ရှိသလားဆိုတာကတော့ တခုပဲရှိပါတယ် ခရစ်ယာန်တွေ လွတ်လပ်စွာ ပါမစ်နဲ့ မှတ်ပုံတင်ရထားတဲ့ ဘုရားကျောင်းဆိုတာက မရှိသလောက်ပဲ ။ အဲဒါတွေကတော့ လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပြောရင်ကတော့ မရှိဘူးလို့ ပြောလို့ရပါတယ်။ နောက်ခရစ်ယာန်တွေကို Target လုပ်လားဆိုတော့ လုပ်တယ်လို့ ပြောလို့ရပါတယ်။ ဘုရားကျောင်း ၂၀၀ ကျော်ပျက်ဆီးသွားတာပါ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပြည်နယ်ပေါင်းစုံမှာရှိတဲ့ တိုင်းရင်းသားတွေလာပြီးတော့ စုဝေးဆန္ဒပြတာဖြစ်ပါတယ်။

"ကျမနာမည် ဂျာခွန်ပါ။

မေး။။ ဘယ်ကနေလာပြီးတော့ ဆန္ဒပြတာလဲရှင့်

ဖြေ။။Tennessee northville ကလာပြီး ဆန္ဒပြတာဖြစ်ပါတယ်။ ကျမတို့အဓိက ကချင်ပြည်နယ်မှာ စစ်ဆင်မှုတွေရှိနေတယ်။ အခုက အရပ်သားတွေ ၊ ပြည်သူတွေ ထောင်နဲ့ချီပြီး ဒုက္ခရောက်နေပါတယ်။ ကျမတို့ Facebook ကနေကြည့်ပြီး နေ့ရောညရော တကယ်ထပ်တူထပ်မျှ ခံစားရပါတယ်။ ဟုတ်ကဲ့ပါ ဘယ်နှစ်ရက်ဆန္ဒပြရင်လည်း ဆက်ပါမှာပါ။"

သူတို့တောင်းဆိုတဲ့အချက်တွေကတော့ ကချင်ပြည်နယ် တိုက်ပွဲတွင်းပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် တွေကို မြန်မာစစ်တပ်က လူသားဒိုင်းသဖွယ်လိုအသုံးပြုနေမှုတွေကို ချက်ချင်းဖယ်ပြီးတော့ သူတို့ ဘေးလွှတ်ရာနေရာပြောင်းရွှေ့ခွင့် ပေးဖို့ အဲဒါကို အဓိက တောင်းဆိုထားတယ် ။ နောက်တချက်ကတော့ စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ နေရာတွေဆီ ကုလသမဂ္ဂ ရော ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေရော၊ နောက်လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ်သွားရောက်ပြီးတော့ ကူညီခွင့်ပေးဖို့ အဲဒီ ၂ ချက်ကို အဓိကတောင်းဆိုတာ တွေ့ရပါတယ်။

Your browser doesn’t support HTML5

ကချင်ငြိမ်းချမ်းရေးအတွက် အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲ