ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြားမှာ ပိတ်မိနေသူတွေ လွတ်မြောက်ရေး လှုပ်ရှားတောင်းဆိုခဲ့ သူ ခေါင်းဆောင်သုံးဦးကို စစ်တပ်က တရားစွဲဆိုထားတာမှာ ဒီကနေ့ ထောင်ဒဏ်နဲ့ငွေဒဏ် အသီးသီး ချမှတ်လိုက်ပါပြီ။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေဆဲ တိုက်ပွဲတွေကနေလွတ်ဖို့ တရုတ်-မြန်မာ နယ်စပ်မှာ စစ်ဘေး ရှောင်နေတဲ့ ဒုက္ခသည်၇သောင်း လောက်ဟာ ရိက္ခာပြတ်လပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ တပ်မတော်က တရားစွဲဆိုခံထားရတဲ့ ကချင်ဒေသတိုက်ပွဲတွေ ရပ်ရေး နဲ့ စစ်ဘေး သင့်ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူသုံးဦးကို မြစ်ကြီးနား တရားရုံးကနေ ဒီကနေ့ အပြီးသတ် အမိန့်ချမှတ်လိုက်တဲ့အခြေအနေကိုတော့ တရားကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ကိုစတီဗင်က ပြောပါတယ်။
“တရားရုံးက ဒီနေ့တော့ ထောင်ဒဏ် (၆) လနဲ့ ငွေဒဏ်ကျပ် (၅) သိန်းပေါ့။ စီရင်ချလိုက်ပြီ။ သူတို့ကို။”
ထောင်ဒဏ် (၆) လနဲ့ငွေဒဏ် (၅) သိန်း တရားစီရင်ချက်ချမှတ်ခံထားရတဲ့ ဦးလွမ်းဇောင်၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့အနေနဲ့အယူခံဝင်ရေးမဝင်ရေး မိသားစုတွေနဲ့လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။
ဒီကနေ့တရားရုံးကနေစီရင်ချက်ချတဲ့အပေါ် တရားမျှတမှုအားနည်းနေတယ်လို့လည်း ကိုစတီဗင်က အခုလို ဆက်ပြောပါတယ်။
“လုံးဝကိုတရားမျှတမှုမရှိဘူးပေါ့။ မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးဆိုတာ မရှိဘူး။ အားလုံး တပ်မတော်ကို ဘယ်သူမှ မလွန်ဆန်တဲ့ တရားသူကြီးတွေ၊ တရားရုံးတွေ၊ ရှေ့နေရှေ့ရပ်တွေ များနေတယ်ဆိုတဲ့ဟာပေါ့နော်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လုံးဝအခြေအနေမကောင်းဘူးဆိုတဲ့ အားလုံးက တပ်လုပ်လို့ရှိရင် ဘာမှ လွန်ဆန်လို့ မရတဲ့ အခြေအနေပေါ့နော။ ပိတ်မိပြည်သူများကို လွတ်မြောက်ရန် ကယ်ထုတ်ရန် ကြိုးစားတဲ့ခေါင်းဆောင်တွေကို ထောင်ဒဏ်ချမှတ်တယ် ဆိုတာတော့ တော်တော့ကိုအခြေအနေဆိုးတဲ့၊ တရားမျှတမှုလုံးဝမရှိတဲ့ အနေအထားပေါ့နော။”
ဧပြီလကစပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် ကာမိုင်းမြို့နယ် ကလိုင်နောင်ခူးရွာသား (၁၅၀) ကျော်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ရွာသား (၂၀၀၀) ကျော်၊ အင်ဂျန်းယန်မြို့နယ်က ရွာသား (၅၀၀) ကျော် ဟာ တိုက်ပွဲအတွင်း ပိတ်မိနေခဲ့ပါတယ်။
KBC ကချင်နှစ်ချင်းခရစ်ယာန်အသင်းရဲ့ ဦးဆောင်မှုနဲ့အတူ ဘာသာရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ က ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သွားရောက်ခဲ့ပေမယ့် ဒေသခံ တပ်မတော်အဖွဲ့ကနေ ဟန့်တားမှု တွေနဲ့ကြုံနေရပါတယ်။
တိုက်ပွဲကြားပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့မေလအတွင်း က မြစ်ကြီးနားမြို့မှာ ဆန္ဒ ထုတ်ဖော်ပွဲနဲ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောဆိုမှုတွေကြောင့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၀ တပ်မတော် သိက္ခာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ တရားစွဲဆိုခဲ့ ရာကနေ ဒီကနေ့စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာ့တပ်မတော်တို့ အကြား တကျော့ပြန် စစ်ရေးတင်းမာလာနေတာပါ။ စစ်ရေးပဋိပက္ခအကြား ဒေသခံပြည်သူတွေ သိန်းနဲ့ချီပြီး စစ်ဘေး တိမ်းရှောင်နေရပါတယ်။
လက်ရှိတရုတ်-မြန်မာနယ်စပ်မှာရှိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် (၇) သောင်းခန့်ဟာ စားနပ်ရိက္ခာ အခက်ကြုံ တွေ့နေရတယ်လို့ KBC အတွင်းရေးမှူး ဒေါက်တာခလန်ဆမ်ဆွန်က ပြောပါတယ်။
“ကျနော်တို့ ဒီနယ်စပ်တလျှောက်ပေါ့။ အခြေခံစားသုံးကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေါ့။ အဲတာကို တရုတ်ပြည် ကနေ တင်သွင်းပြီးမှ ဖြန့်ဖြူးနေတာ။ အခု ဒီနှစ်ပတ်ကျော်လောက်ကတော့ တရုတ်က ဒါကို တားမြစ်လိုက်တော့ အခုနယ်စပ်မှာရှိတဲ့ IDP ကမ့်တွေ - လူပေါင်းကတော့ (၆) သောင်း (၇) သောင်းနီးပါးပေါ့။ အစားအစာခက်ခဲလာ တာကို ကျနော်တို့ရင်ဆိုင်နေရတယ်။ ကျနော်တို့က ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရတော့ နယ်စပ်မှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ကျနော်တို့ပူးပေါင်းပြီးမှ ဒါကိုဘယ်လို တင်သွင်းနိုင်မယ်ဆိုတာကို သွားပြီးမှ ဆွေး နွေးညှိနှိုင်းဖို့ ကျနော် ဆုံးဖြတ်ပါတယ်။”
စားနပ်ရိက္ခာတင်သွင်းခွင့်ရရှိဖို့ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းသွားမယ့် အနေအထားရှိတယ်လို့ သူကဆိုပါတယ်။
ဒုက္ခသည်စခမ်းအတွင်းစားနပ်ရိက္ခာတင်သွင်းဖို့ ပိတ်ပင်ထားတဲ့ တရုတ်အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်ကို တိတိပပ မပြောနိုင်ပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ် ထိုးဖို့ အကြပ်ကိုင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ယူဆကြောင်း ဒေါက်တာခလန် ဆမ်ဆွန်က ဆက်ပြောပါတယ်။
“အကြောင်းပြချက်တော့ဘာမှမပေးဘူး။ ဒီနယ်စပ်ကဝင်တဲ့လမ်းတွေအားလုံး သူတို့ ပိတ်တယ်။ သူတို့ ဒီ NCA ထိုးဖို့ အစီအစဉ်တွေလည်း ပါနေသလိုလို တွေ့နေရတာပေါ့။ ဖိအားပေးတဲ့ သဘောမျိုးလည်း ပါကောင်းပါနိုင် မယ်လို့ ကျနော်တို့ အဲဒီလိုယူဆတာပေါ့နော။”
လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့လောက်မှာ နိပွန်ဖေါင်ဒေးရှင်းကတာဝန်ရှိသူတွေ ကချင်ပြည်နယ် ကို လာရောက်မှာ ဖြစ်တဲ့အတွက် ဒုက္ခသည်စခမ်းနေသူတွေရိက္ခာပြတ်လပ်မှုပြဿနာအရေးကို ဆွေးနွေးအဖြေရှာ သွားမယ်လို့လည်း သူကဆိုပါတယ်။
စစ်ရှောင်တွေအနေနဲ့ မူလနေရပ်ကနေတိမ်းရှောင်လာရတာ (၆) နှစ် ကျော်လာပြီဖြစ်သလို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ KIO တို့အကြား တိုက်ပွဲလျှော့ချပြီး နိုင်ငံရေးအရဆွေးနွေးဖို့ ကြိုးစားနေ ကြပေမယ့် သိသာတဲ့ တိုးတက်မှုတွေမရှိသေးသလို အောက်ခြေပိုင်းမှာ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
လက်ရှိတရုတ်-မြန်မာနယ်စပ်နဲ့ KIO ထိန်းချုပ်နယ်မြေမှာ စစ်ရှောင် (၈) သောင်းခန့် ရှိနေပြီး အစိုးရထိန်းချုပ် နယ်မြေမှာ စစ်ရှောင် (၆) သောင်းခန့်ရှိနေတယ်လို့ဒုက္ခသည်ကော်မီတီတွေက ပြောပါတယ်။
Your browser doesn’t support HTML5