ကချင်ဒေသ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ရေးလုပ်ငန်းမှာ မြန်မာ့တပ်မတော်က ပါဝင်လာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တကျော့ပြန်ဖြစ် လာတဲ့ လီဒိုလမ်းမကြီး တနိုင်း၊ ကာမိုင်း၊ အင်ဂျန်းယန် ဒေသတွေက စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် ရင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရေးအတွက် အစိုးရ နဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် KIA ဘက်က အခုလို သတိပေးပြောဆိုလိုက်တာပါ။ ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ KIA တပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ခုလို စပြောပါတယ်။
ဗိုလ်မှူးကြီး နော်ဘူ။ ။ အခုလောလောဆည် ဒီနောက်ဆုံးကတော့ တိုက်ပွဲက ပြင်းထန်တဲ့ တိုက်ပွဲတွေတော့မရှိဘူး။ ဒါပေမယ့် မနေ့ တနေ့ကစပြီးတော့ တပ်မတော်ဘက်က တော်တော်များမာျး စစ်အင်အားတွေတိုးလာတယ်၊ တနိုင်းဘက်မှာ လီဒိုလမ်းမကြီး ဘက်မှာ စစ်အင်အားတွေတိုးလာတယ်။ နောက် အင်ဂျားယန်မြို့နယ်မှာ KIA တပ်ရင်း၄ နယ်မြေဘက်မှာလည်း စစ်အင်အားတွေ ဒီနေ့ပြန်ဖြည့်လာတယ်။ နောက်ပြီးတော့ ချီဖွေမြို့နယ်ပေါ့ အဲဒီဘက်မှာလည်း စစ်အင်အားတွေ ဒီနေ့ပြန်ဖြည့်လာတယ် ဆိုတော့ တိုက်ပွဲကတော့ ပြန်ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ပြန်ပြီးတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားရှိပါတယ်။
မေး ။ ။ ဟုတ်ကဲ့ခင်ဗျ .. ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်စစ်ရှောင် ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းစီစဉ်ခဲ့တယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုမျိုး စစ်ရှောင်ဒေသခံတွေ ကယ်ဆယ်ရေးမှာ မြန်မာ့တပ်မတော်က ဝင်ရောက် လုပ်ကိုင်နေတာက ပြဿနာရှိတယ်လို့ KIA တပ်ဘက် က ပြောနေသံကြားရလို့ပါ။ ဘယ်လို သဘောမျိုးပါလဲ ဗိုလ်မှူးကြီး။
ဗိုလ်မှူးကြီး နော်ဘူ။ ။ ဒီစစ်ရှောင်ပြည်သူလူထုတွေကို ကယ်ထုတ်တဲ့နေရာမှာ တပ်မတော်တွေပါလာရင်တော့ တိုက်ပွဲကတော့ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ တပ်မတော်ရဲ့ ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာရင်တော့ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ ဒီစစ်ရှောင်ပြည်သူလူထုတွေကို ကယ်ထုတ်တဲ့နေရာမှာ တပ်မတော်နဲ့ မဆိုင်ဘူး မလိုဘူးလို့ အဲလိုပြောလိုတာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေ ဘာသာရေးအသင်းအဖွဲ့တွေ ၊ ကူညီရေးအသင်းအဖွဲ့တွေရဲ့ တာဝန်ဖြစ်ပါတယ်လို့ ကျနေ်ာအဲလိုပြောလိုတာပါ။ အဲဒီကနေ တပ်မတော်ပြန်ပါလာလို့ရှိရင် မတော်တဆ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်လာတာ ရှိပါတယ်။
မေး ။ ။ ဒီကနေ့ ကျနော်တို့ကြားရတဲ့ သတင်းတွေအရ ကချင်စစ်ရှောင်ဒေသခံတွေ ရာဂဏန်းလောက် လုံခြုံတဲ့နေရာတွေကို ထပ်ပြီး ပြောင်းရွှေ့ လာတယ် ကြားရပါတယ်။ သူတို့ ထွက်ပြေးသွားတုန်း က ထောင်ဂဏန်းရှိတာဆိုတော့ စစ်ရှောင်ပြည်သူတွေ က တောတွေ တောင်တွေထဲ ဆက်ပုန်းနေရတုန်းပဲလား။ ဘယ်လို သိထားရပါသလဲ။
ဗိုလ်မှူးကြီး နော်ဘူ။ ။ ရှိပါတယ်၊ ဥပမာ တပ်မဟာ ၂ အောင်လော့ဒ်ဘက်က စစ်ရှောင်ပြည်သူလူထုတွေ တချို့ကတော့ မြစ်ကြီးနားဘက်ကို ထွက်လာတယ်။ ဒါပေမယ့် ကျန်သေးပါတယ် တချို့က တောမှာတောင်မှာလည်း ကျန်သေးပါတယ်။ နောက်ပြီးတော့ အင်ဂျားယန်က ပြည်သူလူထုတွေလည်း တောမှာတောင်မှာ ကျန်သေးပါတယ်။ သူတို့ရွာတွေကို စွန့်ပြီးမှ တောမှာတောင်မှာ ဘေးကင်းရာနေရာရှာပြီးမှ ခိုအောင်းနေတဲ့ ပြည်သူလူထုတွေ ရှိသေးပါတယ်။ သူတို့က အရင်ကတော့ ၂၀၀၀ လောက်တော့ရှိတယ် ဒါပေမယ့် မြို့ပေါ်မှာ ပြန်ရောက်တာကတော့ ၁၀၀ ကျော်ပဲရောက်တယ်ဆိုတဲ့ သတင်းတွေရလို့လေ ။ ဆိုတော့ ၁ ထောင် နည်းနည်းကျော်လောက်တော့ ကျန်သေးတယ်လို့ ကျနော်ခန့်မှန်းပါတယ်။ အောင်လော့ဒ်ဘက်ကတော့ ၁ ထောင် နည်းနည်းကျော်လောက်ရှိမယ်လို့ ကျနော်ထင်ပါတယ်။ ဒါကတော့ တိကျတဲ့ စာရင်းဇယားမဟုတ်ဘူးပေါ့နော် ခန့်မှန်းတာပါ။ အင်ဂျားယန်ဘက်မှာတော့ ရာဂဏန်း လောက်ရှိမယ်လို့ ကျနော်ခန့်မှန်းပါတယ်။ ဒါက ကျနော်ခန့်မှန်းတာပါ။"
KIA တပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားတာပါ။
Your browser doesn’t support HTML5