စစ်ရေးတင်းမာမှုတွေရှိနေဆဲ ကချင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်လများခိုလှုံနေရဆဲ ကချင်စစ်ပြေးဒုက္ခသည်တွေ နှစ်သစ်ကူးအခါသမယမှာ အများနည်းတူ စိတ်လက်ကြည်သာ စိတ်ချမ်းသာစေဖို့ ခရစ်ယာန်အသင်းတော်တွေက ဦးဆောင်ပြီး ဒုက္ခသည် စခန်းတွေထဲမှာ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ ကချင်စစ်ရှောင် စခန်းတွေထဲ အရေးပေါ်လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီထောက်ပံ့တွေ အမြန်ဆုံးပေးနိုင်ဖို့ နောက် ဒုက္ခသည်တွေနေရပ်ရင်းတွေကို ပြန်နိုင်ဖို့ ၂၀၁၉ခုနှစ်မှာ အစိုးရဘက်က အလေးအနက်ထား ဖော်ဆောင်ပေးဖို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
အစိုးရစစ်တပ်ဘက်က စစ်တိုင်းဒေသတချို့မှာ လေးလတာ အပစ်ရပ်ထားတယ်ဆိုပေမဲ့လို့ ကချင်ဒေသထဲ စစ်မီးတွေ လုံးဝငြိမ်းနိုင်ဖို့ နယ်မြေ တည်ငြိမ်အေးချမ်းဖို့နဲ့ အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေက ကချင်ဒုက္ခသည်တွေ အရေးကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ အမြန်ဆုံးပေးပို့နိုင်အောင် ဆောင်ရွက်ပေးဖို့အပါအဝင် နေရပ်ရင်းတွေကို အမြန်ဆုံးပြန်လည်အခြေချနေထိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
အခုလိုနှစ်ချီပြီး စစ်ဘေးဒဏ်ကို ခါးစီးခံနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေအရေး ပြည်ထောင်စုအစိုးရနဲ့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ လျစ်လျူမရှုထားကြဖို့နဲ့ ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အမြန်ဆုံး ပြေလည်အောင်ဖြေရှင်းပေးဖို့ ဒုက္ခသည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီထောက်ပံ့တွေ အရောက်ပေးပို့ ကူညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ် ကလည်း တောင်းဆိုလိုက်ပါတယ်။
"၂၀၁၉ နှစ်မှာ ခံနိုင်ရည်စွမ်းအားနဲ့ ဒီရှေ့ကိုဆက်သွားနိုင်ဖို့ ဆုတောင်းပါတယ်။ အခုတော့ နေရပ်ပြန်ရေးတွေလည်း စဉ်းစားလာပြီဆိုတော့ လမ်းစလည်း ပွင့်လာပြီလို့ ကျနော်အဲလိုမြင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အားပေးမှုတွေ ၊ ပါဝင်ကူညီမှုတွေ နောက်ပြီးမှ အခုတခါ ဒီလို အပစ်အခတ်ရပ်စဲပြီးမှ နေရပ်ပြန်ရေး စဉ်းစားတဲ့အချက်တွေအပေါ်မှာကျနော်တို့လည်း ဝမ်းသာမိပါတယ်။"
၂၀၁၈ကနေ ၂၀၁၉ နှစ်သစ်ကူးတော့မယ့် အခါသမယအချိန် ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း ဒုက္ခသည်စခန်းတွေတွင်းက ဘုရားရှိခိုးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ဒုက္ခသည်တွေစုဝေးပြီး နှစ်သစ်ကူးအတွက် ဝတ်ပြုဆုတောင်းကြတဲ့ နှစ်ကူးပွဲတော်တွေကို ဘာသာရေးအသင်းအဖွဲ့တွေက ဦးဆောင်ပြီး ကျင်းပနေကြတယ်လို့လည်း သိက္ခာတော်ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွမ်က ပြောပြပါတယ်။
"ပျော်ပွဲရွှင်ပွဲတွေ အထူးဆုတောင်းပွဲတွေ စားစရာတွေနဲ့ တမူထူးခြားစွာနဲ့ Camp တိုင်းမှာရှိတဲ့ Camp ကိုဦးစီးနေတဲ့ အသင်းတော်တွေက ဦးဆောင်ပြီးတော့မှ ပြုလုပ်နေပါတယ်။ ကျနော်တို့ နယ်စပ်မှာရှိတဲ့ IDP စခန်းမှာလည်း သက်ဆိုင်ရာ နီးစပ်ရာအသင်းတော်တွေပေါ့ ၊ ဒီဘာသာရေးအသင်းတော်တွေ အသင်းအဖွဲ့တွေ သွားရောက်ပြီးမှ ပျော်ရွှင်အောင်လုပ်ပေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။"
ဒီသီတင်းပတ်တွေအတွင်း သိသိသာသာ အအေးလှိုင်းဖြတ်သန်းနေချိန် ကချင်ပြည်နယ်တွင်းက စစ်ပြေးစစ်ရှောင်ဒုက္ခသည်စခန်းတွေက ယာယီတဲလေးတွေမှာပဲ နေထိုင်နေရတဲ့ IDPစစ်ဘေးရှောင် ပြည်သူတွေ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ရာသီဥတုဒဏ်ခံနိုင်တဲ့ အဝတ်အစား အနွေးထည်နဲ့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။
နယ်မြေဒေသတွင်း စစ်မီးတွေ ငြိမ်းဖို့ လိုအပ်သလို ဒုက္ခသည်တွေကြုံနေရတဲ့ အခက်အခဲတွေကို အရေးတကြီးဖြည့်ဆည်းပေးဖို့ကို လိုအပ်တယ်လို့ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက် ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မမေစံပယ်ဖြူက ပြောပါတယ်။
"အရေးတကြီးလိုမှာကတော့ လုံခြုံတဲ့အမိုးအကာနဲ့ အနွေးထည်တို့ဘာတို့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုက အရမ်းအေးတယ်လေ။ အရမ်းအေးပြီးတော့ သူတို့နေထိုင်နေရတဲ့ စခန်းတွေကလည်း ယာယီပဲတည်ဆောက်ထားတာဆိုတော့ အခုဆို ပိုပြီးတော့ မခံနိုင်တော့ဘူး။ စစ်ဘေးရှောင်နေရတဲ့ သူအတွက်က အခု ၈ နှစ်အထဲကို ဝင်လာပြီဆိုတဲ့အခါမှာ သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားက တော်တော်လေးကို အားနည်းလာပြီ အဲဒီတော့ သူတို့မှာ အမိုးအကာက စလို့ပေ့ါနော် ၊ အခုလိုမျိုး နွေးနွေးထွေးထွေးဝတ်နိုင်မယ့် အဝတ်အထည်ကအစပေါ့နော် လိုအပ်ချက်ကတော့ ကလေးတွေဆိုရင်လည်း အခု စာကောင်းကောင်းမကျက်ရတာ ၈ နှစ်ရှိပြီ အဲလိုပဲ ကျမတို့ အလယ်တန်း အထက်တန်း ကျောင်းသားတွေဆိုရင် တပိုင်းတစနဲ့ တော်တော်လေးကို ရှေ့ရေးကို ရင်လေးဖို့ကောင်းတယ်ပေါ့။ ကျန်းမာရေး စားရေးသောက်ရေး နေရေးထိုင်ရေး အစစအရာရာကတော့ လိုအပ်ချက်တွေ ရှိနေသေးပါတယ်။ သေနတ်သံတွေရပ်သွားတယ်ဆိုတာ့ တဖက်မှာ ကောင်းပေမယ့် တဖက်ကတော့ ဒီထက်ပိုအရေးစိုက်တဲ့သူတွေ နည်းသွားတာပေါ့လေနော်။ လက်တလော လိုအပ်ချက်တွေရော၊ ရေရှည်လိုအပ်ချက်တွေရော အများကြီးပဲ ရှိနေပါသေးတယ်။ သူတို့ကို မမေ့လိုက်ပါနဲ့ လို့ ကျမကတော့ တာဝန်ရှိတဲ့သူတွေကို ပြောချင်တယ်ရှင့်။"
လာမယ့် ၂၀၁၉ခုနှစ် နှစ်သစ်ကူးကာလမှာ ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးက စစ်ဘေးစစ်ရှောင်ဒုက္ခသည်တွေ မိမိတို့နေရပ်ရင်းကို ဘေးမသီရန်မခပဲ အမြန်ဆုံး လုံခြုံစိတ်ချစွာ ပြန်ရောက်နိုင်ပါစေကြောင်းလည်း ဆုမွန်တောင်းပေးကြပါတယ်။
ကချင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့၂၀၁၂ကစလို့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေပြင်းထန် စစ်ရေးတင်းမာမှုတွေဖြစ်ပြီး သိန်းချီတဲ့ကချင်စစ်ပြေးဒုက္ခသည် ဘေးလွတ်ရာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာ အခုဆိုရင် ၈နှစ်ကျော် ကြာလာပြီဖြစ်တဲ့ သိန်းဂဏန်းရှိတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာရှားပါးလာပြီး လူသားချင်းစာနာမှုအကူအညီတွေ ကလည်း နည်းပါးလာတဲ့အချိန်ဖြစ်လာနေတာဖြစ်ပါတယ်။