မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မှာတင်မကပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ အကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်ပွါးနေတာဟာ ဒေသခံတွေအတွက် အန္တရာယ်သိပ်ကြီးတယ်လို့IRC နိုင်ငံတကာ ကယ်ဆယ်ကူညီရေးအဖွဲ့ က ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။
သြဂုတ်လ အကြမ်းဖက်မှုတွေနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းလောက် အတွက်ပဲ ကမ္ဘာက အာရုံစိုက်နေချိန်မှာ တရုတ်နယ်စပ်နဲ့ နီးတဲ့ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ စစ်ရှောင်တွေ တိုးလာတာအတွက် အထူးစိုးရိမ်ကြောင်း IRC ကပြောပါတယ်။
ကချင်ပြည်နယ်မှာ မကြာခင် သီတင်းပတ်တွေအတွင်း အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တကျော့ပြန်ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်ရွှေ့ပြောင်းရသူ ၅၀၀၀ ကျော် ရှိနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ ကချင်ဒေသမှာ ၂၀၁၁ ခုနှစ် တိုင်းရင်းသားတွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေ ပြန်လည်စတင်ချိန် ကတည်းက ဆိုရင် အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူပေါင်း တသိန်း နှစ်သောင်းကျော်ရှိနေတယ်လို့ ပြောပါတယ်။
ဒီ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူညီပေးတဲ့ အဖွဲ့တွေ အကန့်အသတ်နဲ့သာ သွားခွင့်ရတာမို့ လူသားချင်းစာနာမှု အကူညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ IRC ကပြောပါတယ်။ တိုက်ပွဲတွေတိုးလာတာနဲ့အမျှ စစ်ရှောင်တွေတိုးလာနေတာမို့ နိုင်ငံတကာလူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို လေးစားသောအားဖြင့် သူတို့အတွက် လိုအပ်တဲ့ အကူအညီတွေပေးခွင့်ပြုဖို့လည်း IRC ဒေသဆိုင်ရာ အကြီးအကဲ Sanna Johnson ကပန်ကြားလိုက်ပါတယ်။
Your browser doesn’t support HTML5