တရုတ်နှစ်ကူးအတွက် ကချင်နယ်စပ်ပြင်ဆင်

ရန်ကုန်မြို့က တရုတ်နှစ်ကူး ရိုးရာအလှဆင်ပစ္စည်း အရောင်းဆိုင်တခု (ဇန်နဝါရီလ ၇ ရက်၊ ၂၀၁၂)

တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်က ဒေသခံပြည်သူတွေက နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ပြင်ဆင်နေပြီး နယ်စပ်ကုန်သွယ်ရေးကလည်း ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ အနည်းငယ် သက်ဝင်လှုပ်ရှားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာအစိုးရတပ် နဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေကလည်း အနည်းငယ် ငြိမ်သက်နေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် တရုတ်လူမျိုးတွေ စိတ်အားထက်သန်စွာ ဆင်နွှဲဖို့ပြင်ဆင်နေသလိုပဲ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့နဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီဘက်မှာလည်း နှစ်သစ်ကူးပွဲတော်အတွက် ဒေသခံပြည်သူတွေ ပြင်ဆင် လှုပ်ရှားနေကြပါတယ်။ အရင်ရက်တွေက မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် အေးစက်နေတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ ဒီနှစ်သစ်ကူးပွဲတော် ရက်ပိုင်းမှာတော့ အနည်းငယ် ရောင်းဝယ်ဖောက်ကားမှုတွေ ရှိလာတယ်လို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ကိုရောက်ရှိနေတဲ့ ကိုထွယ်အောင်က ပြောပါတယ်။

“ကျနော် အခုက ရွှေလီဘက်မှာရောက်နေတယ်။ တိုက်ပွဲတွေက ဒီကြားထဲတော့ နည်းနည်းတော့ ငြိမ်တယ်ခင်ဗျ။ ကြိုကြားကြိုကြား နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ဒါပေမဲ့ ထိုးစစ်ကြီးတွေကျတော့ သိပ်မရှိဘူးပေါ့။ ကုန်သွယ်ရေး အခြေအနေကတော့ အခုက တရုတ် နှစ်သစ်ကူးနား ရောက်လာတော့ အရောင်းအဝယ်တွေ ကျတော့၊ ရွှေလီဘက်မှာတော့ တရုတ်နှစ်သစ်ကူး သူတို့ရဲ့ ရိုးရာတွေပေါ့၊ သူတို့ ဝယ်တာခြမ်းတာတွေ၊ ရိုးရာအသုံးအဆောင်တွေ အဲဒါတွေ ပြင်ဆင်နေကြတာပေါ့။”

မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့ကြား ဆွေးနွေးပွဲတွေ အစပျိုးနေချိန် အခုရက်ပိုင်းမှာတော့ ထိုးစစ်တွေ ခဏရပ်ဆိုင်းပြီး တိုက်ပွဲတွေ အနည်းငယ်အေးသွားတဲ့အတွက် ကချင်ပြည်နယ် လိုင်ဇာနဲ့ ဒေသတချို့မှာ ပုံမှန် အနေအထားကို မရောက်သေးပေမဲ့ ကားတွေနဲ့ သွားလာမှုကလွဲလို့ ဒေသခံတွေက ဆိုင်ကယ်တွေနဲ့ ခရီးသွားလာမှုတွေရှိ လာပြီး ပြည်သူ အနည်းအကျဉ်းတော့ လမ်းတွေပေါ် ထွက်လာနေကြတယ်လို့ သိရပါတယ်။

“လမ်းပန်းဆက်သွယ်ရေးကတော့ တချို့လမ်းတွေကျတော့ ဆိုင်ကယ်တွေတော့ သွားလို့ရတာပေါ့။ ဆိုင်ကယ်တွေနဲ့ သွားမယ်ဆိုရင်တော့ ရတာပေါ့။ ဒါပေမဲ့ သွားလာတော့သူတွေတော့ အရမ်းနည်းတာပေါ့။ အရင်ကတော့ ထမင်းစားပြီးပြီဆိုရင် ကိုယ့်နေရာမှာပဲကိုယ် နေကြတာပေါ့။ အခုတော့ နည်းနည်းအေးလာပြီ ဆိုတော့ အပြင်ထွက်တာ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ အရင်လိုတော့လည်း အများကြီးတော့ မဟုတ်သေးဘူးပေါ့။ နည်းနည်းတော့ စိုးရိမ်နေကြသေးတာပေါ့။ သွားတာလာတာတော့ အရင်ကထက် နည်းနည်း ပိုများလာတယ်ပေါ့။”

အခုလိုတိုက်ပွဲတွေ ခဏရပ်နားနေပေမဲ့ တိုက်ပွဲတွေကတော့ ကြိုကြား ကြိုကြားဖြစ်နေဆဲပဲလို့ ကချင်သတင်းစဉ်က အယ်ဒီတာ ကိုနော်ဒင်းကပြောပါတယ်။

“တိုက်ပွဲက ဖြစ်နေဆဲဖြစ်တာပေါ့နော်။ တရုတ်နယ်စပ်ဘက်မှာပဲ ဒီ တရုတ်နှစ်သစ်ကူးကြောင့် နည်းနည်းလေး ရပ်ထားတဲ့ပုံစံဖြစ်တယ်။ ဒါပေမဲ့ တိုက်ပွဲငယ်တွေက ဖြစ်နေဆဲပါ။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) ဒေသတွေရယ်၊ တပ်မဟာ (၃) ဒေသတွေရယ်၊ လွယ်ကျယ်၊ ဗန်းမော်ဒေသတွေပေါ့။ ပြီးရင် တပ်မဟာ (၁)၊ တပ်မဟာ (၁) ကတော့ ပန်းဝါဒေသတွေ ပါတယ်။ မြစ်ကြီးနား၊ ဆွမ်ဘရာဘွမ် လမ်းကြောင်းတွေ ပါတယ်။ နောက်ပြီးတော့ တပ်မဟာ (၂) ဒေသက ဖားကန့်ဒေသပေါ့။ ဒီဒေသတွေမှာကလည်း တိုက်ပွဲတွေ ကတော့ ဖြစ်နေ တယ်။ လောလောဆယ် မဖြစ်တာက ဌာနချုပ် လှိုင်ဇာ ပတ်ဝန်းကျင်ပေါ့နော်၊ လဂျားယန် ပတ်ဝန်းကျင်ပေါ့။ အဲဒီမှာလည်း သူတို့က အမြောက်ကြီးတွေနဲ့က သူတို့ကပစ်တာရှိတယ်။ သို့သော်လည်းပဲ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေကတော့ လဂျားယန် ပတ်ဝန်းကျင်မှာ နည်းတာ။ ကျန်တဲ့ဒေသတွေမှာကတော့ တိုက်ပွဲကတော့ ဖြစ်နေဆဲဖြစ်တာပေါ့။”

ဒီရက်ပိုင်းဟာ တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာချိန်လည်းဖြစ်၊ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်ကြား ဆွေးနွေးမှုတွေ လုပ်ဖို့ အစပျိုးနေချိန်လည်းဖြစ်လို့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်မှာတော့ တိုက်ပွဲတွေ အတန်ငယ်အေးသွားပေမဲ့ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးမှုအထိ တိကျတဲ့ အဖြေမရသေးတဲ့အတွက် ကချင်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကတော့ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။

အခုလို ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးပဋိပက္ခတွေ ငြိမ်းစေဖို့ တရုတ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တို့ တရုတ်-မြန်မာနယ်စပ်ဘက်မှာ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။