ကချင်နဲ့ရှမ်း IDP တွေအရေး ကမ္ဘာက မမေ့ဖို့ ကုလသတိပေး

ကချင် IDP

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းနေရပ်ပြန်ရေး ကမ္ဘာကအလေးထားပြီးတော့ ဆောင်ရွက်နေချိန်မှာ လူသားချင်းစာနာမှုဖြတ်တောက်ခံနေရတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အိုးအိမ်စွန့် ဒုက္ခသည် ၁ သိန်းကျော်ရဲ့ ပြဿနာကလည်း သိပ်ပြီးတော့ စိုးရိမ်မကင်းဖြစ်ဖို့ကောင်းကြောင်း၊ အဲဒါကြောင့်နိုင်ငံတကာကလည်း မပိတ်ထားသင့်ဘူးလို့ ကုလသမဂ္ဂကကြေညာပါတယ်။ ဒီအကြောင်းအပြည့်အစုံဒေါ်လှလှသန်းက ပြောပြမှာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းရှေ့ရေးကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အထူးအာရုံစိုက်ပြီး အကူအညီပေးကာ ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်ကို အရေးယူနိုင်ဖို့ ကြိုးစားနေချိန်မှာ ၂၀၁၁ ခုနှစ် ထိုစဉ် သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာစစ်တပ်နဲ့ KIO/KIA ကချင်လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက် ကချင်အရပ်သား သောင်းနဲ့ချီ အိုးအိမ်မဲ့ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ ပဋိပက္ခကြောင့် ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်မှာလည်း အိုးအိမ်မဲ့ထွက်ပြေးခဲ့ကြတဲ့သူတွေရှိတဲ့အတွက်ကြောင့်လည်း သူတို့အရေးကို မမေ့ထားကြဖို့ ကုလ နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက တနင်္လာနေ့က အသိပေးခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ တွဲဖက်ပြောခွင့်ရ ဖာရင်ဟတ်က တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလ..လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြတဲ့ အချက်က ရိုဟင်ဂျာအရေးအပေါ် နိုင်ငံတကာရဲ့အာရုံစိုက်မှု တိုးနေချိန်မှာ ကချင်နဲ့ ရှမ်းပြည်နယ်မှာလည်း လူသားချင်းစာနာမှုအခြေအနေတွေဟာ သိပ်ပြီးတော့ စိုးရိမ်မကင်းဖြစ်စရာကောင်းတဲ့အတွက် မေ့မထားသင့်ဘူးဆိုတဲ့အချက်ပါပဲ။ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ၂၀၁၁ ခုနှစ်တုန်းက ပြန်စခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူပေါင်း ၁ သိန်း ၇ သောင်းရှိနေပါတယ်။

ကုလ..ရဲ့ OCHA UNICEF UNHCR UNDP အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေအပြင် ပြည်တွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးခဲ့ကြရာမှာ မုန်တိုင်း၊ ရေကြီးမှု၊ ငလျင် အစရှိတဲ့ သဘာဝဘေးဒုက္ခတွေ အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေလည်း ပါဝင်ရာမှာ ပြည်တွင်းမှာ IDP အိုးအိမ်မဲ့ ဖြစ်သူပေါင်း ၃ သိန်းလောက်ရှိတယ်လို့ ကုလသမဂ္ဂ OCHA ရဲ့ ၂၀၁၈ ကြားဖြတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ IDP ၁ သိန်း ၂ သောင်း ၇ ထောင်၊ ရှမ်းပြည်နယ်မှာ ၃ သောင်းကိုးထောင်နဲ့ ကရင်မှာ ၆၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်မှာ ၂၀၁၅ မေလကစလို့ အစိုးရထိန်းချုပ်တဲ့ဒေသ ပြင်ပမှာရှိတဲ့ IDP စခန်းတွေကို ကယ်ဆယ်ရေးအကူအညီတွေ ပိတ်ပင်ခဲ့တာ တွေ့ရတယ်လို့ ပြောခွင့်ရ ဖာရင်ဟတ်က ဆိုပါတယ်။

“ကချင်ပြည်နယ်မှာ အစိုးရထိန်းချုပ်တဲ့ နယ်မြေမှာရော၊ အစိုးရထိန်းချုပ် ခြင်းမရှိတဲ့နယ်မြေမှာရော၊ အိုးအိမ်မဲ့ ဖြစ်သူတွေ နေထိုင်တဲ့ ဒေသတွေကို ကုလသမဂ္ဂကို သွားရောက်ကူညီပေးခွင့် ပိတ်ပင်ထားပါတယ်။”

အရင်က အစိုးရထိန်းချုပ်တဲ့ နယ်မြေတွေပြင်ပမှာ လူသားချင်းစာနာမှုကယ်ဆယ်ရေးအထောက်အကူတွေကို ပြည်တွင်း NGO တွေနဲ့ လူမှုအခြေပြုအဖွဲ့တွေက လုပ်ဆောင်နေတာဖြစ်ပြီး အခုပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အစိုးရထိန်းချုပ်တဲ့ နယ်မြေတွေရှိ IDP စခန်းတွေကို သွားရောက်ရာမှာ ခွင့်ပြုချက်တွေ ယူတာမှာလည်း အရင်ကထက်ပိုပြီး ခက်ခဲတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

ကချင်ပြည်နယ်မှာ အခုလို IDP တွေကို လူသားချင်းစာနာမှုအထောက်အကူတွေ ကန့်သတ်မှုနဲ့ ပတ်သက်လို့ ဝါရှင်တန်အခြေစိုက် ကချင် Alliance အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gum San ကို မေးကြည့်ခဲ့ပါတယ်။

“ဒီအစပိုင်းကတော့ ခွင့်ပြုခဲ့ပါတယ်။ ခွင့်ပြုလို့ UNHCR တို့ OCHA တို့ရဲ့ အကူအညီ ထောက်ပံ့မှုနဲ့ အများကြီး အဓိကတော့ KIO အုပ်ချုပ်တဲ့ ဒေသတွေ တရုတ်မြန်မာနယ်စပ် IDP ဒေသတွေကို အရင်ကပေးတယ် ဒါပေမယ့် နောက်ပိုင်းက ခွင့်ပြုမှုကို ဖြတ်တောက်တာ လက်နက်သဖွယ်အသုံးချပြီးတော့ ဖြတ်တောက်တာတယ်။ အဓိကတော့ KIO ကိုနစ်နာစေဖို့ဆိုပြီးမှ ဒီလိုမျိုး Humanitarian Crisis ဖြစ်ဖို့အတွက် ဖြတ်တောက်တာပါ။ ဖြတ် ၄ ဖြတ်သဖွယ်ပေ့ါ ။ အခုဒီနောက်ပိုင်းကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကနေစပြီးတော့ လုံး၀ မသွားခိုင်းတော့ပါဘူး။ နောက်တခုကတော့ information ဆိုတာပေါ့နော် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့မှ ဖြတ်တောက်လိုက်တာပါ။ အဲဒီ ၂ ခုက ဒွန်တွဲပြီးတော့ အစိုးရကနေ လုပ်တာဖြစ်ပါတယ်။ ဒီစစ်ပွဲ စပြီးတော့ တိမ်းရှောင်လာတဲ့အချိန်မှာ မွေးဖွားတဲ့ကလေးတွေက ၇ နှစ်ကျော်လာပါပြီ။ မူလတန်းကျောင်း တက်တဲ့ကလေးတွေက အထက်တန်းအထိ ရောက်လာတဲ့အခြေအနေ ရောက်နေပါပြီ။ စဉ်းစားကြည့်မယ်ဆိုရင် ပညာရေးအတွက်ရော တကယ်ကို စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်၊ ကျန်းမာရေးကတော့ ပြောစရာမလိုတော့ဘူးပေါ့နော်”

IDP တွေမှာ အမျိုးသားတွေက ၅၂ ရာခိုင်နှုန်း အမျိုးသမီးနဲ့ ကလေးငယ်တွေက ၄၂ ရာခိုင်နှုန်း နဲ့ သက်ကြီးရွယ်အိုတွေက ၇ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။

Your browser doesn’t support HTML5

ကချင်နဲ့ရှမ်း IDP တွေအရေး ကမ္ဘာကမမေ့ဖို့ ကုလသတိပေး