မြန်မာနိုင်ငံမှာ ကျောင်းသားသမဂ္ဂ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာ ဒီကနေ့ ၅၆ နှစ်မြောက် ပြည့်မြောက်ချိန် အခု ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားအစိုးရက နိုင်ငံကို အုပ်ချုပ်နေပြီဆိုပေမဲ့ ကျောင်းသားတွေ အခွင့်အရေးတွေက စစ်အာဏာရှင်လက်ထက် ထက် ပိုပြီးတော့ တိုးတက်လာတာမတွေ့ရဘူးလို့ ကျောင်းသား အခွင့်အရေးလှုပ်ရှား သူ တွေက ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်း ဟောပြောခွင့်တွေ အပါအဝင် ကျောင်းသားအခွင့်အရေးတွေအတွက်လည်း ဒီကနေ့ကျရောက်တဲ့ ၅၆ နှစ် မြောက် 7th July နှစ်ပတ်လည်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
လွန်ခဲ့တဲ့ ၅၆နှစ်- ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းအာဏာရှင်လက်ထက် ကျောင်းသားတွေ ကို ပစ်ခတ်သတ်ဖြတ် ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ နှစ် ပတ်လည်နေ့မှာ ကျဆုံးသွားတဲ့ ကျောင်းသား အာဇာနည်တွေရဲ့ အမည်စာရင်းနဲ့ ကျဆုံး အရေအတွက် အတိအကျကို အများပြည်သူတွေသိအောင် ထုတ်ပြန် ပေးဖို့၊ ဗုံးခွဲဖျက်ဆီး ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကို သမဂ္ဂရင်ပြင်နီအဖြစ် သတ်မှတ်ပေးဖို့၊ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်း စည်းရုံး ဟောပြောခွင့်တွေပေးဖို့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်က 7th July နှစ်ပတ်လည်နေ့မှာ တောင်းဆို လိုက် ပါတယ်။
ကျောင်းသားသမိုင်းမှာ အထင်ကရသမိုင်းတွင်ခဲ့တဲ့ 7th July ကျောင်းသားသမဂ္ဂသမိုင်းကို နောင်မျိုးဆက် သစ်တွေနဲ့ အများပြည်သူသိရှိအောင် လုပ်ဆောင်ပေးဖို့ အခုလိုတောင်းဆို ရတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဗဟို လုပ်ငန်း ကော်မတီ ရဲ့ အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။
“ဒီကနေ့မှာ ကျနော်တို့ 7th July နဲ့ပတ်သက်ပြီး 7th July အရေးတော်ပုံထဲမှာ ကျဆုံး သွားတဲ့ ကျောင်းသား အာဇာနည်တွေရဲ့ အမည်စာရင်းတွေ၊ ကျဆုံးတဲ့အရေအတွက်တွေ လူသိရှင်ကြား ကျနော်တို့ ထုတ်ပြန်ပြီး တော့ ဒါဟာ ကျောင်းသားအာဇာနည်တွေအဖြစ်ကို အသိမှတ်ပြုဖို့ဖြစ်ပါတယ်။ ဒါကတော့ နံပါတ်တစ်အချက်ပါ။ နံပါတ် နှစ်အချက်ကတော့ ဒီသမဂ္ဂရင်ပြင်ကို စစ်အာဏာရှင်တလျှောက်လုံးမှာ သူတို့က သမဂ္ဂရင်ပြင်ကို ထီးတည်း ကြီး ဖြစ်အောင်လုပ်ထားတယ်ပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ကတော့ ဒီသမဂ္ဂ ရင်ပြင်ကို ရင်ပြင်နီအဖြစ် သတ်မှတ်ပေးဖို့ပါပဲ ဖြစ်ပါတယ်။ နံပါတ်သုံးအချက်ကတော့ ကျောင်းသား သမဂ္ဂတွေ ဒီတက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ လွတ်လပ်စွာစည်းရုံး ဟောပြော ဖွဲ့စည်း ခွင့်တွေကို ဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်သုံးချက်ကို ကျနော်တို့ ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ ရင်ပြင်နေရာဟာ ဒါစစ်အာဏာရှင်တွေရဲ့ သမိုင်းအမည်းစက် နေရာကြီး ဖြစ်တယ်ဗျ။ အဲတော့ ဒီနေရာမှာကျနော်တို့ ဘယ်လိုအဆောက်အဦးမျိုးကို ပြန်ဆောက်ဖို့ ကျနော်တို့ လက်သင့်မခံဘူး ဒါဟာစစ်အာဏာရှင်တွေကနေပြီးတော့ ဒိုင်းနမိုက်နဲ့ ဖြိုခွဲတယ်ဆိုတဲ့ သမိုင်းကို ကျနော်တို့က ကမ္ဘာတည်သရွေ့ ကျနော်တို့ ထားရှိရမှာပဲ ဖြစ်ပါတယ်။”
7th July နေ့ ဒီကနေ့မှာတော့ ရန်ကုန်တက္ကသိုလ်ဝင်းတွင်းက ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းရှေ့ မြေကွက်လပ်မှာ အိုးဝေကျောင်းသား လူငယ်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ သွားရောက်အလေးဂါရဝပြုခဲ့ကြပါတယ်။ သမဂ္ဂအဆောက်အဦးကိုသွားရောက်အလေးပြုတာကို ဦးဆောင်ခဲ့သူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က နောင်မျိုးဆက်သစ်လူငယ်တွေ ကျောင်းသား သမိုင်းကို သိဖို့ အရေးကြီးတယ်လို့ အခုလိုပြောပါတယ်။
“ဒီနိုင်ငံရဲ့သမိုင်းမှာ ဒါမျိုးဖြစ်ခဲ့တယ်ဆိုတာ ရှိတဲ့ ဥစ္စာကို ဒီနောက်မျိုးဆက်ကျောင်းသား ကျောင်းသူတွေ သိစေချင်တယ်။ လက်ရှိသူတို့သင်ရတဲ့ သမိုင်းဘာသာရပ်မှာ သမိုင်း သင်ခန်းစာမှာ တကယ်တမ်းကျတော့ ဒါ ကျောင်းသားတွေကို သိသင့်သလောက်ပဲ သိပြီးတော့ တကယ့်သမိုင်းအမှန်တွေကို ထိန်ချန်ထားတယ်၊ မပါလာဘူး။ ဒီကျန်တဲ့ စာအုပ်မှာ။ အဲဒီတော့ သူတို့တွေအနေနဲ့ နောင်အနာဂတ်မှာ နိုင်ငံရဲ့ သက်ဆိုင်တဲ့တာဝန် တစ်ခုခုကိုယူရတဲ့အခါမှာ ဒီနိုင်ငံရဲ့သမိုင်းဖြစ်စဉ်မှန်ကို သိတယ်ဆိုရင် ဒီနိုင်ငံရဲ့ဖြစ်စဉ်နဲ့ ချိန်ထိုးပြီးတော့ အမှန်ကန်ဆုံးသူတို့ သုံးသပ်နိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ကျနော်တို့ ဒီနေ့မှာ မျိုးဆက်သစ်ကျောင်းသားတွေ ကို 7th July ဒီသမဂ္ဂရင်ပြင်ကို ခေါ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။”
အာဏာရှင်စစ်အစိုးရအဆက် ကျောင်းသားလူငယ်တွေ ဒီမိုကရေစီအင်အားစုတွေနဲ့ အခွင့် အရေး လှုပ်ရှားသူ တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရတာကြုံခဲ့ရသလို အခုအရပ်သားအစိုးရလက်ထက်မှာ လွတ်လပ်စွာစည်းရုံးခွင့်၊ ဟောပြောခွင့်နဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာ အခြေခံလူ့အခွင့်အရေးတွေကို တားဆီးကန့်သတ် ပိတ်ပင်နေ တုန်းပဲလို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကပြောပါတယ်။ အခုချိန်အထိ ကျောင်းသား သမဂ္ဂတွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတုန်းပဲလို့ ကိုမင်းသွေးသစ်က အခုလိုပြောပါတယ်။
“လက်ရှိအရပ်သားအစိုးရလက်ထပ်မှာလည်း ကျောင်းသားသမဂ္ဂအခြေအနေက မကောင်း သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ ကျောင်းသားသမဂ္ဂတရားဝင် ရပ်တည်ခွင့် ရတယ်ဆိုတဲ့ တက္ကသိုလ် charter ကလည်း ဗဟိုဦးစီးချုပ်ကိုင်မှုတွေရှိနေတာ ဖြစ်တယ်။ ကိုယ့်မူနဲ့ ကိုယ် ရပ်တည်နေတဲ့ ကျောင်းသား သမဂ္ဂ တွေကတော့ ဒါ နောက်ကောက် ကျခံ ရမယ်၊ အခွင့်အရေးမရဘူး၊ အရာရာတားဆီးပိတ်ပင်ခံရမယ်-ဆိုတဲ့အခြေအနေမှာ ရှိနေပါသေးတယ်။ ”
ဒီမိုကရေစီနည်းကျ ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားတောင်းဆိုခဲ့ကြပြီး အရပ်သား အစိုးရ လက်ထက် ပြောင်းလဲမှုတွေဖြစ်လာမယ်လို့ မျှော်လင့်ပေမဲ့ နောက်ပြန်ဆွဲနေတဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဗကသ များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က ပြောပါတယ်။
“ဒီအရပ်သားအစိုးရလက်ထပ်ရောက်တဲ့အခါမှာ ကျနော်တို့ အများကြီးမျှော်လင့်ထားတယ်။ ဒါကျနော်တို့ရွေး တဲ့ အရပ်သားစစ်စစ် အစိုးရလက်ထပ်ရောက်ပြီး ဒါပေမဲ့ ဒီမိုကရေစီ ပညာရေးပြုပြင်ပြောင်းလဲမူဟာ ကျနော်တို့ထင်သလို ခရီးမရောက်တဲ့အပြင် ပိုပြီးတော့ နောက်ကြောင်းကိုပြန်သွားသလား နောက်ကိုဆုတ်သွား သလားဆိုတဲ့ တက္ကသိုလ်ပရဝုဏ် အတွင်းမှာ နိုင်ငံရေးဟောပြောပွဲတွေမလုပ်ရဘူး။ တချို့လည်း ဒီစစ်အာဏာရှင်တွေ လုပ်ခဲ့ တဲ့ ကြေညာချက်သဘောမျိုးဆောင်တဲ့ ထုတ်ပြန်ချက်မျိုးတွေထုတ်လာပါတယ်။ ပြီးခဲ့တဲ့ ကျနော်တို့ ၁၉၆၂ စစ်အာဏာသိမ်း ဗိုလ်နေဝင်းအစိုးရကလည်း ကျောင်းဆောင်စည်းကမ်း ၂၂ ချက် ထုတ်ပြန်ပြီးတော့ 7th July အရေးတော်ပုံကြီးပေါ်ခဲ့ပါတယ်။ အခုဒီ ထုတ်ပြန် ချက်တွေ သူတို့ထုတ်ပြန်တဲ့ အတွက်ကြောင့် ကျနော်တို့ဟာ ဒီကျောင်းထဲမှာ နိုင်ငံရေး ဟောပြောမှုတွကို မလုပ်ရဘူးဆိုတဲ့ အာဏာရှင်ဆန်တဲ့ ထုတ်ပြန်မှုတွေ ကျောင်းသား လှုပ်ရှားမှုတွေပေါ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့် ဒီထုတ်ပြန်မှုတွေကို ပြန်ပြီး ပယ်ဖျက် ဖို့လည်း ကျနော်တို့ပြောနေရတာဖြစ်ပါတယ်။”
၁၉၆၂ ခုနှစ် 7th July မှာ ကျဆုံးခဲ့တဲ့ကျောင်းသားတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ် စိုက်ပျိုးရေးမှတ်တိုင်ကနေ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက် အဦးဟောင်းရင်ပြင်အထိ ချီတက် အလေးပြု ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း ၅၆ နှစ်မြောက် ၇ ဇူလိုင် နှစ်ပတ်လည်နေ့ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင် ကျင်းပတဲ့ ၅၆နှစ်မြောက် 7July သမိုင်းကြောင်းကို ဟောပြောခဲ့တဲ့ အောက်မေ့ ဖွယ် အခမ်းအနားနဲ့ ကဗျာရွတ်ဆိုပွဲကိုလည်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီက ကျောင်းသားခေါင်းဆောင်တွေ၊ တက္ကသိုလ် ဆရာများသမဂ္ဂက ဆရာတွေအပါအဝင် သမဂ္ဂ ကျောင်းသားကျောင်းသူတွေ လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
Your browser doesn’t support HTML5