(Zawgyi / Unicode)
အမေရိကန်ပြည်ထောင်စုတွင်း ရွှေ့ပြောင်း အခြေချသူ လူငယ်တွေကို ဌာနေပြန်ပို့မယ့် အရေးကနေ ကာကွယ်ပေးထားတဲ့ အစီအစဉ်ဟာ တရားမဝင်ဘူးလို့ တရားသူကြီးတဦးက စီရင်ချက် ချလိုက်တာကို အမေရိကန် တရားရေးဝန်ကြီးဌာနက အယူခံဝင်မယ့်အကြောင်း သမ္မတ Joe Biden က စနေနေ့မှာ ပြောပါတယ်။
အရင်သမ္မတ Barack Obama က သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး DACA လို့ခေါ်တဲ့ အမေရိကန်ကို ကလေးဘဝမှာ တရားမဝင် ရောက်လာသူတွေကို အကာအကွယ်ပေးတဲ့ အစီအစဉ်ကို လုပ်ခဲ့တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ တက္ကဆက်ပြည်နယ်က အမေရိကန် ခရိုင်တရားသူကြီး Andrew Hanen က ပြီးခဲ့တဲ့ သောကြာနေ့မှာ စီရင်ချက် ချခဲ့တာပါ။ တရားသူကြီး Hanen ရဲ့ စီရင်ချက်ဟာ အလွန် စိတ်မချမ်းသာစရာဖြစ်ပြီး လွှတ်တော်အနေနဲ့ ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်ရှာဖို့ ထပ်ပြီး ဖြစ်လာပြီလို့ သမ္မတ Biden က စနေနေ့ကထုတ်တဲ့ အိမ်ဖြူတော် ကြေညာချက်မှာ ပြောဆိုထားပါတယ်။
DACA အစီအစဉ်ကို အဆုံးသတ်ရေး တရားစွဲဆိုထားတဲ့ တက္ကဆက်ပြည်နယ် ဦးဆောင်တဲ့ ပြည်နယ်တချို့နဲ့ တရားသူကြီး Hanen ရဲ့ စီရင်ချက်က သဘောတူထားတာ ဖြစ်ပါတယ်။ တရားသူကြီး Hanen ရဲ့ စီရင်ချက်က DACA အစီအစဉ်အရ အကာအကွယ် ပေးထားပြီးသား ရွှေ့ပြောင်းအခြေချသူတွေအပေါ် သက်ရောက်ရိုက်ခတ်မှု မရှိပေမယ့်လည်း သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်း အခြေချသူ လူငယ်တွေရဲ့ အနာဂတ်ကို မရေမရာ ဖြစ်စေတယ်လို့ သမ္မတ Biden က ပြောဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်းကို ကလေးဘဝမှာ တရားမဝင် ရွှေ့ပြောင်း ရောက်ရှိလာသူတွေ ဒါမှမဟုတ်လည်း ပြည်ဝင်ခွင့်ဗီဇာနဲ့ လာပြီး ရက်လွန်နေထိုင်နေကြတဲ့ သိန်းနဲ့ချီတဲ့ လူငယ်တွေကို DACA အစီအစဉ်အရ အမေရိကန်နိုင်ငံတွင်းမှာ ဆက်လက်နေထိုင်ခွင့် ရစေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
-----------------------
(Unicode)