မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံရေး အကျဉ်းသားတွေ အရေး လေ့လာဆွေးနွေးခဲ့သလို မနက်ဖြန်မှာတော့ ရိုဟင်ဂျာ ပဋိပက္ခကို လေ့လာဖို့ ရခိုင်ပြည်နယ်ကို သွားရောက်မှာပါ။စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တချို့နဲ့ လည်းတွေ့ဆုံဖို့လည်း ရှိနေတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ ရိုဟင်ဂျာ ပဋိပက္ခကို ကိုယ်တိုင်လေ့လာနိုင်ဖို့ သွားရောက်မယ်လို့လည်း ဝန်ကြီး Hunt က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ပြောဆိုထားပါတယ်။
"ရိုဟင်ဂျာတွေ ခံစားနေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခ တချို့ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့ အတွက် ဒီသတင်းပတ် အတွင်း ကျနော် မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင် တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။"
ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု အတွက် မြန်မာ စစ်တပ် ဗိုလ်ချုပ်ကြီးတွေကို တရားစွဲဆိုရေး တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေရဲ့ အစီရင်ခံစာထုတ်ပြီး နောက်တနေ့မှာ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာ ခရီးစဉ် ထွက်ပေါ်လာတာပါ။ မြန်မာ အစိုးရဘက်ကတော့ ကုလ အစီရင်ခံစာကို ကန့်ကွက်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်သင့် မခံပါဘူး။
ဒီကနေ့ ရန်ကုန်ကို ဆိုက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံရေး အကျဉ်းသားများကို ဂုဏ်ပြုထားတဲ့ ပြတိုက်ကို သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အရေး ဆွေးနွေးခဲ့သလို ရွှေတိဂုံ စေတီတော်ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကို သွားရောက်တာမှာတော့ ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးအရေးကို အလေးထား ဆွေးနွေးခဲ့တယ်လို့ AAPP ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
"လက်တလော သူစိတ်ဝင်စားတာက Journalist ၂ ယောက်ကို ထောင်ချတဲ့ကိစ္စ မေးတာတွေရှိပါတယ်။ ကျနော်တို့ကတော့ လက်ရှိမြန်မာနိုင်ငံထောင်ထဲမှာ ထောင်ကျပြီးသား ၂၃ ယောက်ရှိတယ် အဲဒီ Journalist ၂ ယောက်အပါအဝင်ပေါ့ ၊ ပြီးတဲ့အခါကျတော့ အမှုရင်ဆိုင်နေရတဲ့ ၄၆ ယောက်ရှိတယ်။ ပြီးရင် ၂၀၁ ယောက်က အပြင်ကနေ အမှုရင်ဆိုင်နေရတာတွေရှိတယ်။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ရေးအတွက် တစုံတရာ တိုက်တွန်းပြောဆိုတာတို့ အကြံပေးတာတို့ရှိပါတယ်။"
တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေကို စစ်တပ်တင် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေကပါ ကျူးလွန်နေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ရေး အတွက် ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး၊ ဒါ့အပြင် အရပ်သား အစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကြောင့် အဟန့်အတား ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ AAPP ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
"နောက် ဒီမတရားသဖြင့်ဖမ်းဆီးမှုတွေကလည်း ဆက်ရှိနေတုန်းပဲ အဲလိုရှိတဲ့အချိန်မှာ အရင်တုန်းကတော့ ဒီတပ်မတော်ကပဲ ဖမ်းတာပေါ့။ အခုတော့ တိုင်းရင်းသားတပ်တွေလည်း ဖမ်းနေတာတွေရှိတယ်။ ဒါတွေလည်း ကျနော်တို့ ထောက်ပြသွားတာရှိပါတယ်။ အဲဒီလူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေပေါ့၊ ဒီလိုဒုက္ခတွေ ချုပ်ငြိမ်းသွားဖို့ဆိုရင်တော့ ပြည်တွင်းစစ်ကြီးကို ရပ်ဖို့လိုတယ်ပေါ့။ နောက်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အစိုးရမှာ သူ့ Policy ကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ဗျူရိုကရေစီ ယန္တရားက ရှိမနေဘူး။ ဗျူရိုကရေစီ ယန္တရားကို စစ်တပ်အောက်က ပြည်ထဲရေးကနေ ကိုင်တွယ်ထားတာဖြစ်တဲ့အတွက် အစိုးရက လုပ်ရကိုင်ရတာ ခက်ခဲတယ်ဆိုတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။"
ပြီးခဲ့တဲ့ နှစ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း လူပေါင်း သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကိုတော့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Jemery Hunt က မနက်ဖြန် ကြာသပတေးနေ့မှာ စစ်တပ် ရဟတ်ယာဉ်နဲ့ သွားရောက်ဖို့ စီစဉ်ထားပြီး အဲဒီနောက်မှာတော့ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ပဋိပက္ခ၊ နောက် ရိုက်တာ သတင်းထောက်၂ ဦး အရေးတို့ကို ဆွေးနွေးမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Hunt က သူ့ခရီးစဉ် မတိုင်မီမှာ ပြောဆိုထားတာပါ။
Your browser doesn’t support HTML5