ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှာ အခြေအနေတွေက ပိုပိုဆိုးလာနေပါတယ်။ ဓာတ်ပေါင်းဖိုထဲမှာ အပူချိန် အလွန်မြင့်တက်နေတာမို့ အရည်ပျော်သွားမယ့် အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် ဓာတ်ပေါင်းဖိုက လောင်စာချောင်းတွေကို အေးခဲထားနိုင်ဖို့ စက်ရုံအလုပ်သမားတွေ ကြိုးပမ်းနေရပါတယ်။
ဖူကူရှီးမားစက်ရုံမှာ အခု အင်္ဂါနေ့ မနက်ပိုင်း မကြာသေးခင်က နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ ဒါဟာ တတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပါတယ်။
နျူကလီးယား လောင်စာချောင်းတွေကို အေးခဲထားနိုင်ဖို့ ဓာတ်ပေါင်းဖိုထဲကို ပင်လယ်ရေတွေ သွင်းထည့်နေရပါတယ်။ ဒါပေမဲ့ အတွင်းအပူကြောင့် ရေတွေဟာ အခိုးပြန်ကုန်ပါတယ်။ ဓာတ်ပေါင်းဖိုထဲက ရေနွေးငွေ့ထုတ်ပေါက်ကို ပိတ်ထားရတယ်လို့ စက်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတွက်ကြောင့် ရေမျက်နှာပြင်က ပိုပြီး ကျသွားပါတယ်။ အခုအခြေအနေမှာ လောင်စာချောင်းအချို့ အရည်ပျော်သွားနိုင်ချေရှိပြီး အနီးအနား ပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွမှု ရှိနေပြီလို့ သိရပါတယ်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနကတော့ ပြီးခဲ့တဲ့ ဂျပန်ငလျင် လှုပ်ခတ်မှုကို မူလက ခန့်မှန်းထားတဲ့ ၈.၉ ရစ်ချ်တာစကေးကနေ အခုခန့်မှန်းချက်အရ ရစ်ချ်တာစကေး ၉ အထိ ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းလိုက်ပါတယ်။
တနင်္လာနေ့ မနက်ကတော့ အဲဒီစက်ရုံကပဲ တတိယမြောက် ဓာတ်ပေါင်းဖိုရဲ့ အပြင်နံရံ အောက်ခြေပိုင်းမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ ဆူနာမီ ဖြစ်ပြီးကတည်းကဆိုရင် အဲဒီမှာ ပေါက်ကွဲမှုဖြစ်တာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကတော့ စနေနေ့မှာ ဖြစ်ခဲ့ပြီး အခု တတိယအကြိမ်ကတော့ မကြာခင်က ဖြစ်ခဲ့တာ ဖြစ်ပါတယ်။